ချောင်းဦးရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ် ဒီနေ့ မီးရှို့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့မွန်းလွဲပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး စုစုပေါင်းအင်အား ၆၀ လောက်ဟာ အမြင့်ကျေးရွာဘက်ကို ထွက်ခွာလာပြီး လမ်းရှိ တောကျောင်းလေး ၊ နဂါးဗိုလ်နဲ့ ကုန်းသာ ကျေးရွာတွေကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဖော်ပြပါတယ်။
‘ ကင်မွန်းတော်နဲ့ ကံဇီးက စစ်ခွေးတွေနဲ့ ပျူစောထီးတွေရွာကိုရောက်လာပြီး မီးရှို့တာ၊ ‌ကျုပ်တို့ရွာရော တောကျောင်းရော ကုန်းသာရော ရှို့တာ၊ မီးခိုးလုံးတွေတော့ အများကြီးမြင်နေရတယ်၊ မီးငြှိမ်းဖို့ ကြိုးစားနေကြတုန်းပဲ၊ ဘယ်နှအိမ်ပါသွားလဲမသိသေးဘူး၊ ခုထိတော့ မငြိမ်းသေးဘူး’ လို့ ‌ဒေသခံတစ်ဦးက ပြောကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့သတင်းက ဖော်ပြပါတယ်။
ပြည်သူတွေချွေးနဲစာနဲ့ ဆောက်ထားခဲ့တဲ့အိမ်တွေကို အခုလိုအကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာ အောက်တန်းကျလွန်းတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
ကံကြီးကုန်း၊ ကင်မွန်းတော်နဲ့ကံဇီးဆိုတာ စစ်ခွေးတွေကို ကပ်ဖားပေါင်းနေတဲ့ ပျူစောထီးရွာတွေလို့ သိရပါတယ်။
ချောင်းဦးမြို့နယ်အတွင်း ရွှေလှေ၊ ယာကြီး၊ ဝယာ၊ ဆီပန်းကန်နဲ့ အင်းမရွာတွေကိုလည်း အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။