မကြာမီကျင်းပတော့မယ့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တိုးတက်မှုရလိမ့်မယ်လို့မထင်ကြောင်း ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန IISS က အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Arron Connelly က သုံးသပ်ပါတယ်။
ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးလည်းပါဝင်လိမ့်မယ်လို့ခန့်မှန်းထားကြပြီး ဝေဝါးလွန်းတဲ့အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထက်ကျော်လွန်ကာ မြန်မာနိုင်ငံမှာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင် တော်တော်များများနဲ့ အမေရိကန်ကြား သဘောထား သိပ်တိုက်ဆိုင်ကြမယ် လို့မထင် ကြောင်း Arron Connelly က သုံးသပ်တယ်လို့ VOA ကဖော်ပြပါတယ်။
အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးကနေ ထိရောက်ပြင်းထန်တဲ့ ဖိအားမျိုးတွေ ထွက်ပေါ်လာနိုင်ခြေ မရှိနိုင်ဘူးလို့ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်းသုံးသပ်ပါတယ်။
‘ဒါပေမဲ့၊အခုဘာမှအလုပ်မဖြစ်တဲ့ အာဆီယံမူ၅ရပ်ကို အသစ်ဖြစ်အောင် မွမ်းမံတဲ့အချက်အလက်သစ်တွေ နဲ့ စစ်အုပ်စုကို ဒါ့ထက်ပိုဖိအားသက်ရောက်မှုတွေဖြစ်လာမလားလို့တော့ စောင့်ကြည့်ရမယ်’လို့ သူကပြောပါတယ်။
အာဆီယံ ခေါင်းဆောင်တွေကို မေလ ၁၂ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော်မှာ ညစာစားပွဲနဲ့ တည်ခင်းမှာဖြစ်ပြီး မေ၁၃ရက်နေ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
(အရင် ကန်-အာဆီယံထိပ်သီးအစည်းအဝေးပုံ)