တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သကျက်တောကျေးရွာမှာရှိတဲ့ စစ်အုပ်စုရဲ့ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်အပြီးမှာ စစ်အုပ်စုက အင်အားအများအပြားနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၅ ရက်နေ့မှာ သကျက်တောရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ထိခိုက်မှုအချို့ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုက အင်အားအများအပြားနဲ့ သကျက်တောကျေးရွာကို စစ်ကူရောက်ရှိလာတာကြောင့် ဒေသခံအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့ကတော့ နေအိမ်တွေမှာ ပြန်နေနေပြီလို့ သိရပါတယ်။
“တချို့ကတော့ ရွာထဲပြန်နေကြပြီလို့ပြောတယ် ဆိုင်တွေစျေးတွေတော့ မဖွင့်ရဲကြသေးဘူး၊ အရင်ရက်က ဖမ်းထားတဲ့သူတွေလည်း ပြန်တော့လွှတ်ပေးလိုက်ပြီလို့ပြောတယ်၊ ရွာကတော့ ခြောက်ကပ်နေတာပဲ အဲ့ကောင်တွေက မထင်ရင် မထင်သလို လုပ်တာဆိုတော့” လို့ လောင်းလုံး ဒေသခံတစ်ဦးက ပြောပါတယ်။
ရဲကင်းစခန်းတိုက်ခံရမှုမှာ စစ်အုပ်စု ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးပါဘူး။