ဘီးလင်းမြို့နယ်မှာ စစ်အုပ်စုအထိနာပြီးနောက် ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်

မွန်ပြည်နယ် KNU သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ (၄၄) လက်အောက်ခံ ခလရ ၄၀၃ တပ်ရင်းဟာ ကရင့်အမျိုသားလွတ်မြောက်ရေးတပ်မတော်နဲ့ ထိတွေ့တိုက်ပွဲအတွင်း အထိနာပြီးနောက် ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တွေ လုပ်ဆောင်နေတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မေလ ၃ ရက်နေ့မှာ မဲပလီစခန်းကနေ နတ်ကြီးစခန်းကို ခြေလျှင်နဲ့ တပ်ချိန်းပြီး ပြန်လာတဲ့ စစ်အုပ်စုဟာ အစူးချောင်းကျေးရွာဘေးတောစပ်မှာ မြေမြုပ်မိုင်းထိပြီး တပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွ ာရရှိခဲ့ပါတယ်။ မိုင်းထိမှန်ပြီးနောက် အစူးချောင်းကျေးနယ်အုပ်စု ဝါ့ကတယ်ကျေးရွာဘက်ကနေ နတ်ကြီးဘက်ကို စစ်ကြောင်းထိုးဆင်းလာတဲ့ စစ်အုပ်စုကို KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ ဝါ့ကတယ်ကျေးရွာရှိ လူနေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျွဲ ၂ ကောင်နဲ့ ဆိတ် ၁ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အထိနာခဲ့တဲ့ စစ်အုပ်စုဟာ အစူးချောင်းဒေသခံတစ်ဦး၊ ဆိုင်ကယ်မောင်းနှင်လာသော ဒေသခံ ၃ ဦး၊ ဝါ့ကတယ်ကျေးရွာအတွင်း ဗုံးခိုကျင်းတွေမှာ ပုန်းအောင်နေတဲ့ ဒေသခံ ၇ဦး စုစုပေါင်း ၁၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
“ဧပြီ (၂၃) ရက်နေ့က နတ်ကြီးမှာရှိတဲ့ တပ်မ (၂၂) တပ်တွေက မဲပလီမှာရှိတဲ့ တပ်မ (၄၄) အဖွဲ့တွေနဲ့ နေရာချိန်းတယ်၊ KNLA က ကြားဖြတ်တိုက်ခိုက်မှုတွေရှိတာကြောင့် ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ် မေလ (၄) ရက်နေ့မှာ စစ်ကောင်စီ တပ်မ (၄၄) အဖွဲ့တွေ နတ်ကြီးစခန်းကို ပြန်ရောက်တယ်” လို့ KNU ဘီးလင်းမြို့နယ် သတင်းတာဝန်ခံက ပြောပါတယ်။
တပ်ချိန်းပြီး ပြန်လာတဲ့ တပ်မ ၄၄ ဟာ အပြန်လမ်းမှာ အစူးချောင်းကျေးရွာက ဒေသခံတွေကို စုစည်းခေါ်ယူပြီး ဒေသခံတစ်ဦးဖြစ်သူ တီးဖားကျော်ထူးကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
“စစ်ကောင်စီ စစ်သားတွေ ရွာရောက်တော့ ရွာမှာရှိတဲ့လူတွေမှန်သမျှကို ခေါ်စုခိုင်းတယ်၊ အရွယ်ကောင်းတဲ့ လူတွေက စကစလာတယ်ဆိုတာသိလို့ ကြိုပြီးတိမ်းရှောင်နေကြတယ်၊ ရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲကျန်တာ၊ တီးဖားကျော်ထူးက ကျန်ခဲ့တဲ့လူကြီးတွေထဲမှာအရွယ် ကောင်းတုန်းပေါ့၊ သူ့ကို နှိပ်စက်သွားတာ ပြင်းပြင်းထန်ထန်ပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။