ထောင်နဲ့ချီတဲ့ မလဲသာရွာသားတွေ ပြန်စရာအိမ်မရှိတော့လို့ တောထဲဖြစ်သလိုပုန်းခိုနေရ

Photo-အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ထောင်နဲ့ချီတဲ့ မလဲသာရွာသားတို့ဟာ ပြန်စရာအိမ်မရှိတော့လို့ တောထဲမှာ ဖြစ်သလိုပုန်းခို နေကြရကြောင်း သိရပါတယ်။
မေလ (၂) ရက်နေ့က အရာတော်တောင်နယ်၊ မလဲသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြေင့် အိမ်ခြေ (၅၀၀) ကျော် မီးလောင်ပျက်စီးခဲ့သလို မီးလောင်ပြင် အပျက်အစီးတွေကြားထဲ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပေမဲ့ ဘယ်သူလဲ ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးတွေနဲ့ ရွာထဲကို ကြိုတင်ပစ်ခတ်မှုကြောင့် မလဲသာတစ်ရွာလုံးရှိ ပြည်သူတွေဟာ နေအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ခဲ့ရပါတယ်။
‘လက်နက်ကြီးနဲ့ပစ်တဲ့ ရည်ရွယ်ချက်က ရွာသားတွေ ကြောက်လန့်တကြား ဘာပစ္စည်းမှမယူနိုင်ဘဲ ထွက်ပြေးရအောင်လို့ပါ။ စစ်တပ်ကလူမရှိတဲ့ရွာထဲမှာ အိမ်တွေထဲဝင်ဖောက်ပြီး စိတ်ကြိုက်လုယက်တယ်။ ပြီးတော့ အိမ်တွေကို မီးရှို့တယ်။ ဘုရင်ခေတ်တုန်းက မြို့သိမ်းသလိုမျိုးပဲ။အသိမ်းခံရတဲ့မြို့က ပစ္စည်းတွေ အကုန်လုယက်တာ’ လို့ အရာတော်မြို့၊ ၃ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အခုအခါ ဒေသခံစစ်ဘေးရှောင်တွေဟာ ပြန်စရာနေအိမ်မရှိတော့ဘဲ ဘက်ပေါင်းစုံ လိုအပ်ချက်တွေရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
မလဲသာရွာဟာ ၄ ကြိမ်မြောက် စစ်တပ်ဝင်စီးခြင်း ခံရတဲ့ရွာလို့ သိရပါတယ်။