ဧရာဝတီတိုင်း မအူပင်မြို့ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးရဲ့ နေအိမ်ကို စစ်အုပ်စုရဲ့ သွေးသောက်အဖွဲ့က ခြိမ်းခြောက်စာကပ်ကာ ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မေလ ၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ မအူပင် သွေးသောက်အဖွဲ့က ငှက်မုဆိုးလို့ အမည်တပ်ထားတဲ့ အဖွဲ့တစ်ခုက ခြိမ်းခြောက်စာတွေကို ကပ်ပြီး နေအိမ်ကို ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့ ကြံစည်ခဲ့တာပဲဖြစ်ပါတယ်။
“ဆီပုလင်းပစ်ပြီးတော့ ရှို့တာပါ အနားက မီးတွေ့တော့ ဝိုင်းငြှိမ်းကြလို့ အိမ်ကို မီးမဆွဲသွားဘူး၊ စာတွေကပ်ပြီးတော့ သွေးသောက်အဖွဲ့ လုပ်တာလို့ သတိပေးသွားတာတော့ တွေ့တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ သွေးသောက်အဖွဲ့ စွန်ရဲအဖွဲ့ ငှက်မုဆိုးစတဲ့ နာမည်တွေနဲ့ လူသတ်အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေပြီး တော်လှန်ရေးအင်အားစုတွေရဲ့ မိသားစုတွေကို သတ်ဖြတ်ခြိမ်းခြောက်တာတွေ လုပ်နေပါတယ်။