စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ KhinU Support Organization မှာ ဆက်လက်တိုက်ခိုက်ဖို့ လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ မရှိတော့တာကြောင့် Mission တွေကို ယာယီရပ်နားသွားမယ်လို့ ဆိုပါတယ်။
မနေ့က မေလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်လောက်မှာ ရွာသစ်ကုန်းကျေးရွာအတွင်း စခန်းချထားတဲ့ စစ်အုပ်စုရဲ့ စခန်းကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့တဲ့ Mission နဲ့ နေ့လယ် ၃ နာရီလောက်မှာ ရေဦး-ခင်ဦး ကားလမ်းပေါ်မှာရှိတဲ့ မူးတိမ်ချောင်းတံတားကို မီးရှို့နေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးသီးပစ်ချတိုက်ခဲ့တဲ့ Mission တွေအပြီးမှာ အခုလို ယာာယီရပ်နားဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိ ခင်ဦးဘက်က အခြေအနေက ပြည်သူတွေလှူဒါန်းတာနဲ့ သွားနေရတာပါ။ အခုခင်ဦးဘက်က လက်နက်တင်မက ထောက်ပံမှုတွေ အမျိုးမျိုး လိုအပ်နေတာပါ။ ထောက်ပံမှုတွေမရှိရင် ဘာမှဆက်လုပ်လို့ မရတော့ပါဘူး။ လက်နက်လိုအပ်ချက်ကတော့ တော်လှန်ရေးစထဲက ခုထိကိုလိုအပ်ချက်ရှိနေတာပါ။ KSO ကနေရရှိတဲ့ ထောက်ပံမှုတွေကလည်း Local PDF တွေအတွက် အများကြီးအထောက်အကူပြုပါတယ် “လို့ ခင်ဦး PDF တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က အသိအမှတ်ပြုထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် ကျေးရွာအလိုက် ဒေသခံတွေ စုစည်းဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ငယ်တွေ အမြောက်အများရှိနေပြီး ဒေသတွင်း တပ်ဖွဲ့ငယ်တွေဟာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။