မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဆွေးနွေး

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဥက္ကဋ္ဌနဲ့အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မေ၃ရက်နေ့မှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ နဲ့ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့အဖွဲ့တို့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း CRPH ကသတင်းထုတ်ပြန်တာပါ။
အဲဒီတွေ့ဆုံမှုမှာ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညပေးရေး၊အရပ်သားအစိုးရအုပ်ချုပ်မှုဆီ ပြန်လည်ရောက်ရှိရေး ၊ အကြမ်းဖက်မှု ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်တဲ့ကိစ္စရပ်တွေ အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲကို CRPH အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်ဖြူဖြူသင်း နဲ့ မိုင်းလမင်းထွန်း၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလမာနော်အောင်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။