လောင်းလုံးမြို့မှာ စစ်အုပ်စုက ရမ်းကားနေတာကြောင့် ညမထွက်ဖို့ PDF တွေ သတိပေး

တနင်္သာရီတိုင်း လောင်းလုံးမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ ပျူစောထီးတွေဟာ ပြည်သူတွေကို လမ်းမပေါ်မှာတင် သတ်ဖြတ်တာအပြင် နေအိမ်တွေအတွင်းပါ ဝင်ရောက် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ည၈နာရီကနေ မနက် ၄ နာရီအတွင်း ပြည်သူတွေ အပြင်မထွက်ကြဖို့ PDF တွေက ဒီကနေ့ မေလ ၃ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
ပကဖ လောင်းလုံး၊ DDT တပ်ခွဲ ၃ နဲ့ Nway Oo Guerrilla Force တို့ ပူးတွဲထုတ်ပြန်တဲ့ သတိပေးချက်မှာ လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို စစ်အုပ်စုက သတ်ဖြတ်ပြီး စွန်ရဲတံဆိပ်ပါ ပျူစောထီးအဖွဲ့ရဲ့ ကဒ်ပြားတွေ ချိတ်ဆွဲထားတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် အခုလိုသတိပေးတာလို့ ဖော်ပြထားပါတယ်။
ဒီကနေ့ မေလ ၃ ရက်နေ့ မနက်ပိုင်းက လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာအနီးမှာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ရှိခဲ့ရပြီး အလောင်းမှာ စွန်ရဲတံဆိပ်ပါ ကဒ်ပြားကိုပါ ချိတ်ဆွဲထားတာကို တွေ့ခဲ့ကြရပါတယ်။
ဒါဟာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ စစ်အုပ်စုရဲ့ သွေးသောက်အဖွဲ့ဆိုတာနဲ့ ပုံစံတူနေပြီး စွန်ရဲအဖွဲ့ရဲ့ အနီရောင်စစ်ဆင်ရေးဆိုတဲ့ NLD ပါတီဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တဲ့ စာရွက်တွေကလည်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။