စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ ဦး လက်နက်နဲ့အတူ KNDO ထံ ပူးပေါင်

ကရင်ပြည်နယ် ဝေါလေဒေသအခြေစိုက် စစ်အုပ်စုရဲ့ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းအမှတ် ၉၀၄ မှ တပ်ကြပ် ၂ ဦးဟာ လက်နက်အပြည့်အစုံနဲ့အတူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကို လာရောက်ပူးပေါင်းခဲ့တယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
မနေ့က မေလ ၂ ရက်နေ့မှာ ဝေါလေအခြေစိုက် အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၀၄ က တပ်ကြပ်ဝင်းနိုင်နဲ့ ဒုတပ်ကြပ်ပြုံးချိုတို့ဟာ MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၄ လုံးတို့ကို ယူဆောင်လာပြီး KNDO လုံခြုံရေးတပ်ရင်းနဲ့ ချိတ်ဆက်ကာ လာရောက်ပူးပေါင်းခဲ့တာပါ။
“ဘာကြောင့် စစ်ကောင်စီလက်အောက်မှာ ကျနော်တို့ မနေချင်လဲဆိုတော့ စစ်ကောင်စီက ပြည်သူတွေ နှိပ်စက်တာ များတယ်ပေါ့နော်။ လိုင်းပေါ်မှာ တွေ့နေတယ်ပေါ့။ ကိုယ်တွေလည်းပဲ ကြုံခဲ့ဖူးတယ်လေ။ ဒီစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူး။ မကြိုက်ပေမယ့်လည်း အရင်က ပူးပေါင်းဖို့က ပူးပေါင်းလို့မရဘူးဖြစ်နေတယ်။ အမိန့်နဲ့အာဏာအောက်မှာ နေနေရတော့ ချုပ်ချယ်ထားတဲ့ ပုံစံဖြစ်နေတော့ ထွက်လို့မရဘူးပေါ့။ အခုမှ ကျနော်တို့က ဆက်သွယ်ပြီးတော့မှ ကျနော်တို့ ထွက်လာတာ။” လို့ ပြည်သူ့ဘက်ရပ်တည်လာခဲ့သူ တပ်ကြပ်ဝင်းနိုင်က ပြောပါတယ်။
တပ်ကြပ်ကြီးဝင်းနိုင်တို့အနေနဲ့ KNDO နဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်သွားဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
“ကျနော်ကတော့ ပြည်သူတွေနဲ့ပဲ ပူးပေါင်းမယ်။ နောက်ပြီးတော့ ဒီစစ်ကောင်စီကို ဒီကအဖွဲ့အစည်းနဲ့ပူးပေါင်းပြီးတော့မှ ကျနော်ပြန်ပြီးတွန်းလှန်တိုက်ခိုက်မယ်။ မရရအောင်တော့ ကျနော်တိုက်ယူမှာပဲ။ ကျနော့်စိတ်ထဲမှာတော့ ဟိုးအစောကြီးကတည်းကလည်းပဲ ဒီထဲမှာ ပူးပေါင်းဖို့ရှိပါတယ်။”လို့ တပ်ကြပ်ကြီးဝင်းနိုင်က ဆက်လက်ပြောကြားပါတယ်။
လာရောက်ပူးပေါင်းတဲ့ တပ်မတော်သား ၂ ဦးကို ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး သူတို့ရဲ့ ဆန္ဒအတိုင်း လိုက်လျောသွားမယ်လို့ KNDO လုံခြုံရေးတပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက ပြောပါတယ်။
“သူတို့ပြောပုံအရ တပ်ထဲမှာ သူလည်း ထွက်ပြေးချင်တယ်။ ကိုယ်လည်း ထွက်ပြေးချင်ကြတယ်။ အချင်းချင်းကြားမှာ မယုံသင်္ကာစရာတွေဖြစ်လာတယ်။ တစ်ယောက်နဲ့တစ်ယောက် အသိပေးတာတွေမရှိကြဘူး။ သူတို့အတွက် အင်မတန်မှ ခက်ခဲပါတယ်။ အဲဒါကြောင့် စစ်ကောင်စီကို သူတို့ စိတ်ကုန်သွားတော့ ကျနော်တို့ဘက်ကို လာရောက်ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်တော်လှန်ချင်ကြတယ်။ “လို့ ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူအပြီးနောက်ပိုင်းမှာ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆နယ်မြေ ဒေါနအရှေ့ခြမ်း လေးကေကော်နဲ့ ဝေါလေဒေသတွေမှာ နယ်မြေခံ KNLA တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သားတွေဟာ ဒုတပ်ရင်းမှူးအဆင့်အပါအဝင် ၂၈ ဦးထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
Credit-KIC