စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် စပါးကျီနဲ့ ဆန်စက်မီးလောင်

ဓာတ်ပုံ-မူတြော်သတင်းစဉ်
အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် စပါး ၉၀ တင်းဆံ့ စပါးကျီတစ်လုံးနဲ့ ဆန်စက်တစ်လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မေလ ၁ ရက်နေ့ ည ၈ နာရီ​လောက်မှာ မာထောရွာအခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ စကခ (၈) လက်အောက်ခံ ခမရ (၄၀၈) က မူတြော်ခရိုင် ဘူးသိုမြို့နယ် မယ်ညုကျေးရွာအုပ်စု မယ်ညုထာကျေးရွာအတွင်းကို ၈၁-မမ ၃ လုံးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာမှာ စောဖားကယ်ပိုင်ဆိုင်တဲ့ စပါးတင်း ၉၀ သိုလှောင်ထားတဲ့ စပါးကျီတစ်ခုနဲ့ ဆန်စက်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မေလ ၁ ရက်နေ့ ညနေ ၄ နာရီခွဲ​လောက်မှာ စစ်အုပ်စုဟာ တိုက်လေယာဉ်တွေနဲ့ မူတြော်ခရိုင် လူသောမြို့နယ်အတွင်းမှာရှိတဲ့ ဒေဘုနိုနဲ့ သေကာထာကျေးရွာတွေကို ၁၀ ကြိမ်ခန့် စက်သေနတ်တွေ ဗုံးဆံတွေနဲ့ လာရောက်ပစ်ခတ်တာကို လုပ်ဆောင်ခဲ့ပြီး နေအိမ်နဲ့ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မူတြော်ခရိုင်အတွင်း ဒရုန်းတွေနဲ့ နေ့ညမပျက် ထောက်လှမ်းနေပြီး တိုက်လေယာဉ်တွေနဲ့လည်း မကြာခဏ လာရောက်ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်သွားလာရာမှာ လုံခြုံရေးဦးစားပေးသွားလာကြဖို့ ဆော်ဩထားပါတယ်။