စစ်အုပ်စုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တွင်းနက်ကြီးတွေအဖြစ် ကျန်ခဲ့

ကယားပြည်နယ် ဒီးမောဆိုမြို့မှာရှိတဲ့ ဟိုဖိတ်နဲ့ သပြေတောကျေးရွာကြားမှာ စစ်အုပ်စုက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျန်ရစ်ခဲ့တဲ့ မြေပြင်အခြေအနေတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၉က မေ ၂ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
စစ်အုပ်စုက လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အနက် ပေ (၂၀) ရှိပြီး အကျယ်ပေ (၃၀) ဝန်းကျင်တဲ့ တွင်းတွေ ကျန်ခဲ့တာကို KNDF တပ်ရင်း(၉)က ထုတ်ဖော်ပြသလိုက်တာပါ။
စစ်အုပ်စုဟာ သူတို့အထိနာတဲ့ တိုက်ပွဲတွေ ဆိုရင် လေယာဥ်ပစ်ကူတွေကို တိုက်ခိုက်လေ့ရှိပါတယ်။
ဒါကြောင့် လေယာဥ်ပစ်လက်နက်တွေ လိုအပ်နေတဲ့အကြောင်းကိုလည်း KNDF တပ်ရင်း(၉)က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဧပြီ ၂၀ ရက်ကနေ့က စပြီး ဒီးမော့ဆို မြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲ‌တွေနေ့စဥ် ဖြစ်ပွားနေပြီး အကြမ်း ဖက်စစ်အုပ်စုက လက်နက်ကြီးအများအပြားအသုံးပြုနေတယ်လို့ KNDF က ပြောပါတယ်။
ဧပြီ နောက်ဆုံးပတ်က ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ် တိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ် အုပ်စုတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးခဲ့ပြီး KNDF ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ KNDFဘက်က ထုတ်ပြန်ထားပါတယ်။