ဧပြီလအတွင်း စစ်တပ်မီးရှို့လို့ ပျက်စီးသွားတဲ့ပြည်သူ့နေအိမ် ၃၅၀၀ကျော်ရှိ

၂၀၂၂ဧပြီလအတွင်း အကြမ်းဖက်စစ်တပ်မီးရှို့လို့ ပျက်စီးသွားတဲ့လူနေအိမ်၃၅၀၀ကျော်ရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ခုနှစ်မေလကစတင်ကာ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့ရာ တစ်နှစ် မြောက်ဖြစ်တဲ့ ၂၀၂၂ဧပြီလဟာ မီးရှို့ခံရတဲ့အိမ် ၃၅၁၄လုံးနဲ့ တစ်နှစ်တာအတွင်း မီးရှို့ခံရတဲ့လူနေအိမ် အများဆုံးဖြစ်ခဲ့ကြောင်း Data for Myanmar ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်အတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိခဲ့ပြီး အဲဒီ ဖြစ်စဉ်တွေဟာ နေရာပေါင်း (၂၉၆) နေရာလောက်မှာဖြစ်ပွားခဲ့တာလို့ Data for Myanmar ကဆိုပါတယ်။
မီးရှို့ခံရတဲ့အိမ်အရေအတွက် ဒုတိယအများဆုံးလကတော့ ၂၀၂၂ဖေဖေါ်ဝါရီဖြစ်ပြီး ၂၈၈၂လုံးရှိခဲ့ကာ တတိယ မီးရှို့ခံရမှုအများဆုံးမှာ ၂၀၂၂မတ်လဖြစ်ကာ ၁၈၅၃လုံးရှိပါတယ်။
‘စာရင်းတွေကိုကြည့်လိုက်ရင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှစ်လို့ ပြောတဲ့ ၂၀၂၂ခုနှစ်မှာ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ အရေအတွက်ပိုများလာတာတွေ့ရတယ်။ပိုပြီးကြမ်းကြုတ်၊ပိုပြီးရက်စက်လာတယ်ဆို တာကိုသက်သေပြနေတာပေါ့’လို့ ပုလဲမြို့နယ်အခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော် ပေကပြောပါတယ်။
ပြည်သူတွေရဲ့နေအိမ် မီးရှို့ခံရမှုအများဆုံးမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၇၅၀၃လုံးရှိကာ ဒုတိယအများဆုံးက ၂၁၃၁လုံးနဲ့ မကွေးတိုင်းဖြစ်ပါတယ်။တတိယအများဆုံးမှာ ၁၁၄၅လုံးနဲ့ ချင်းပြည်နယ်ဖြစ်ပါတယ်။