ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိုက်ပွဲပြင်းထန်နေ 

Photo – Reuters

ယူကရိန်းနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရုရှားတပ်တွေက လက်နက်ကြီးသုံး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး  ယူကရိန်းတပ်ဖွဲ့တွေကလည်း  ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းထားနေနိုင်တယ်လို့ သိရပါတယ်။ 

ယူကရိန်း စက်မှုလုပ်ငန်း အဓိကနေရာတခုဖြစ်တဲ့ ဒွန်ဘက်စ်ဒေသကို သိမ်းနိုင်ဖို့ ရုရှားအစိုးရက ကြိုးစားနေတာဖြစ်ပြီး ရုရှားထိုးစစ်ဟာ စီစဉ်ထားတာထက် ပိုပြီးနှေးကွေးနေတယ်လို့ အနောက်နိုင်ငံတွေက စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

မော်စကိုအစိုးရဟာ ကိုးပတ်ကြာ ချေမှုန်းခဲ့တဲ့ မြို့တော် Kyiv ကို သိမ်းပိုက်ဖို့ မအောင်မြင်ခဲ့တဲ့နောက်ပိုင်း ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းကို စစ်မျက်နှာဖွင့်ထိုးစစ်ဆင်နေတာပါ။  

အခုသီတင်းပတ်အတွင်း ယူကရိန်းတောင်ပိုင်းက စစ်ဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးနေတဲ့ Mariupol ဆိပ်ကမ်းမြို့ကနေ အရပ်သားတွေကို ကယ်ထုတ်နိုင်ရေး ကုလသမဂ္ဂက ဆက်ပြီးတော့ ကြားဝင်စေ့စပ်ခဲ့ပြီးနောက် Azovstal သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ အရပ်သားတွေထဲက အယောက် ၂၀ ကို ဘေးလွတ်ရာ ပို့ပေးနိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရက စနေနေ့မှာ ပြောပါတယ်။

အဲဒီမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အပျက်အစီးပုံ အတားအဆီးတွေကြားကနေ ကြိုးတွေနဲ့ ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။