တရုတ်စီးပွားရေးစင်္ကြံ ဖော်ဆောင်မယ့် မြို့တွေမှာ တိုက်ပွဲ ၇၀ ကျော်ဖြစ်ပွာ

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့မြို့နယ်တွေမှာ တိုက်ပွဲ ပေါင်းအကြိမ် ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဉ်ထားတဲ့ မြို့နယ်ပေါင်း ၄၂ ခု မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေထဲက ၃၄ ကြိမ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ဧပြီ ၂၅ ရက်အတွင်းမှာ ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။
တရုတ်စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဉ်ထားတဲ့မြို့နယ်တွေထဲမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ၄၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲ ၁၅ ကြိမ်ထက်မနည်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား တိုက်ပွဲ ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar ကဆိုပါတယ်။
မုံရွာမြို့နယ်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ၂၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ တည်ရှိရာ မူဆယ်မြို့နယ်အတွင်းမှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားတိုက်ပွဲ ကိုးကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းလို စီမံကိန်းကြီးတွေ ဖြတ်သန်းသွားတဲ့ ကျောက်မဲမြို့နယ်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲ ကိုးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။