ရှမ်းပြည်နယ်မြောက်ပိုင်းက လေဘေးဒဏ်သင့်အိမ်ခြေ ၂၀၀ လောက်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီနဲ့ မူဆယ်မြို့နယ်တွေက ကျေးရွာပေါင်း ၂၂ ရွာမှာ အထက်တန်းကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၂၀၀ နီးပါးဟာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း လေပြင်းဒဏ်ကြောင့် ပျက်စီးမှုတွေရှိခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတာဝန်ရှိသူတွေဟာ လေဘေးသင့်အိမ်ထောင်စုတွေအတွက် ငွေကြေးနဲ့အိမ်ထောင်စုသုံးပစ္စည်းတွေ ထောက်ပံ့ကူညီထားပြီးဖြစ် ကြောင်း UNOCHA က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်အများစုမှာ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေဆဲမှာပဲ သဘာဝဘေးအန္တရာယ်ကြောင့် ပဋိပက္ခဒဏ်သင့်သူတွေဟာ ပိုပြီးဒုက္ခရောက်ကြရပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိအိမ်ခြေ ၂၀ လောက်နဲ့ ဈေးဆိုင်တွေလည်း ဧပြီလ ၁၇ ရက်နေ့က မိုးသက်လေပြင်းကျလို့ ထိခိုက်ပျက်စီးခဲ့သလို ရခိုင်ပြည်နယ်မှာလည်း လေပြင်းတိုက်ခတ်မှုတွေကြောင့် ကျောက်တော်နဲ့မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်နေသူတွေနေထိုင်ရာ အိမ်ခြေများစွာထိခိုက်ပျက်စီးခဲ့ကာ ထိခိုက်မှုအတိုင်းအတာကို အသေးစိတ်သိရဖို့ မိတ်ဖက်အဖွဲ့အစည်းတွေက ဆောင်ရွက်နေကြောင်းလည် ထုတ်ပြန်ထားပါတယ်။ လေဘေးသင့်မိသားစုတွေဟာ သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ ဆွေမျိုးသားချင်းအိမ်တွေမှာ နေထိုင်နေကြပါတယ်။