ဆားလင်းကြီး၊ ကျားတက်ရဲစခန်းကို ဒေသခံ PDF တွေပူးပေါင်းပြီး အင်အားအသာနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျားတက်ရဲစခန်းကို ဒေသခံ PDF တွေက အင်အားအသာနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒီနေ့မွန်းလွဲ ၁ နာရီကျော်ကစပြီး ကျားတက်ရွာရှိ ကျားတက်ရဲစခန်းကို ဆားလင်းကြီး၊ ပုလဲနဲ့မြိုင် PDF စုစုပေါင်း ၅ ဖွဲ့က အင်အားအသာနဲ့ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး ညနေ ၃ နာရီခွဲကျော်အထိ တိုက်ပွဲမပြီးသေးဘူးလို့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။
‘အခုအချိန်ထိ တိုက်နေတုန်းပဲ။ ကိုယ့်ဘက်က အသာစီးနဲ့တိုက်နေတာပါ။ ယင်းမာပင်ကနေစစ်ကူလာတဲ့ စစ်ခွေးကား ၂ စီးကိုတော့ လမ်းမှာ ကျွန်တော်တို့ဒေါင်းနက်တွေ မိုင်းဆွဲလိုက်တယ်’ လို့ ရဲဘော်ပေက ညနေ ၃ နာရီခွဲမှာ ပြောပါတယ်။
အကြမ်းဖက်စစ်ကား ၂ စီးဟာ ယင်းမာပင်ကနေ ကျားတက်ရဲစခန်းကို စစ်ကူလာစဉ် ပုလဲမြို့နယ်နဲ့ ကျားတက်ရွာကြားက ရွာသမင်းရွာအနီး သရက်ခြံမှာ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီးစလုံး မိုင်းထိခဲ့ပါတယ်။
‘ကျွန်တော်တို့ရဲဘော်တွေ မိုင်းဆွဲပြီးတာနဲ့ ပြေးကြတာဆိုတော့ စစ်ခွေးအသေအပျောက် ကျိန်းသေပေါက်ရှိပေမဲ့ အတိအကျမသိဘူး’ လို့ ဒေါင်းနက်ပြောက်ကျားခေါင်းဆောင်က ပြောပါတယ်။
မိုင်းဆွဲတာနဲ့ ကျားတက်ရဲစခန်း တိုက်ပွဲနှစ်ခုစလုံးအတွက် ဒေါင်းနက်ရဲဘော် ၅၀ ကျော် တိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။
ကျားတက်ရဲစခန်းမှာ စစ်သား ၂၀ နဲ့ ရဲ၂၀ လောက်ရှိပြီး PDF ၅ ဖွဲ့စလုံးက လူအင်အားကောင်းကောင်းနဲ့ တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။