ပျူစောထီးအဖွဲ့ရဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူသွားမယ်လို့ NUG ထုတ်ပြန်

ပျူစောထီးနဲ့ စစ်အုပ်စုထောက်တိုင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်စောင့်ကြည့်နေပြီး ထိခိုက်ခံစားခဲ့ရသူတွေအတွက် တရားမျှတမှု ပြန်လည်ယူဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။
NUG၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဒီမိုကရေစီကို သက်ဝင် ယုံကြည်သူမှန်ရင် နိုင်ငံရေး အမြင်မတူကွဲပြားသူတွေ၊ ဘဝပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့် မရသူတွေကို စစ်ရေးဆိုင်ရာပစ်မှတ် ဒါမှမဟုတ် အကြမ်းဖက် အဖွဲ့အစည်းဝင်အဖြစ် သတ်မှတ် အရေးယူ ဆောင်ရွက်သွားမှာ မဟုတ်ပေမဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းကာ အကြမ်းဖက်မှုကို ကိုယ်တိုင်ကျူးလွန်ခြင်း၊ အားပေးကူညီခြင်းတို့ ပြုလုပ်ပါက ကင်းလွတ်ခွင့်ပြုမှာ မဟုတ်ဘဲ တရားဥပဒေအရ၊ စစ်ရေးအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တစ်နေ့တခြား ပြုန်းတီးနေတဲ့ သူတို့ရဲ့အင်အားကို ဖြည့်တင်းဖို့ ပျူစောထီး အပါအဝင် ဒေါက်တိုင်အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်း လေ့ကျင့် လက်နက်တပ်ဆင်ပေးကာ ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာတွေကို မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့တော်လှန်ရေး အင်အားစုတွေကို စစ်ပြိုင်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပျူစောထီးတွေဟာ အကြမ်းဖက်စစ်တပ် အသက်ဆက်နိုင်ရေးအတွက် အရေးကြီးတဲ့ ထောက်တိုင်ဖြစ်လာနေတယ်လို့စစ်ကိုင်းတိုင်း၊ ပုလဲအခြေစိုက် ပြောက်ကျားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
‘ပျူတွေရဲ့ စိတ်အခံကိုက စစ်သားဆိုရင် အလိုလိုခါးချိုးချအရိုအသေပေးပြီးသားဆိုတော့ စစ်တပ်ကို မျက်နှာလုပ်ဖို့ ဝန်မလေးဘူး။ သူတို့က နယ်မြေခံလည်းဖြစ်တော့ နယ်မြေနဲ့စိမ်းတဲ့စစ်တပ်အတွက် အရမ်းအသုံးဝင်တယ်။ ကိုယ့်ဒေသရပ်ရွာကို လုယက်ဖျက်ဆီးတဲ့နေရာမှာ စစ်တပ်နဲ့ အပြိုင်ပဲဆိုတော့ စစ်တပ်ထက်သာတယ်လို့ ပြောရမှာပေါ့။ ပျူတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ဖို့လိုတယ်’ လို့ သူကပြောပါတယ်။
ပျူစောထီးနဲ့ ဒေါက်တိုင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ PDF နဲ့ ပြည်သူ့တော်လှန်ရေး အင်အားစုထံ လက်နက်အပ်နှံကာ အချိန်မီပူးပေါင်းကြဖို့နဲ့ ပူးပေါင်းလာသူတွေကို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးသွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။