တပ်မ ၁၁ တပ်သားတစ်ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိ

ဓာတ်ပုံ- YDF
မကွေးတိုင်း ဂန့်ဂေါမြို့ဘက်ကနေ ထီးလင်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၁၁က တပ်သားတစ်ဦးကို လက်နက်တွေနဲ့တကွ အရှင်ဖမ်းဆီးရမိတယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၅ရက်နေ့ မနက် ၇နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၁၁ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တပ်ရင်း ၆၊ တပ်ရင်း ၇နဲ့ တပ်ရင်း ၁၄တို့က အကြည်ဝါးဘင်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ပြီး ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက တပ်သား နိုင်လင်းအောင်ဆိုသူကို အရှင်ဖမ်းဆီးရမိခဲ့ပြီး MA3 သေနတ် တစ်လက်၊ MA3 ကျည်ဘောက် ၃ခု၊ နင်းမိုင်းတစ်လုံး၊လက်ပစ်ဗုံး (၁)လုံး၊ RPG (၁)လုံး၊ ၅.၅၆ ကျည် ၂၁၉တောင့်နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သေဆုံးဒဏ်ရာရရှိသူတွေရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်သူမရှိခဲ့ဘူးလို့ သိရပါတယ်။
ဖမ်းဆီးခဲ့တဲ့ သုံ့ပန်းနိုင်လင်းအောင်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။