CDM ရဲတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါးရှိပြီလို့ NUG အစိုးရ ထုတ်ပြန်

ပြည်သူဘက်ကို ရပ်တည်လာတဲ့ CDM ရဲတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါးရှိပြီလို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ ဧပြီ ၂၅ ရက်နေ့အထိ NUG ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေး ကော်မတီနဲ့ ချိတ်ဆက်ပြီး ကျရာတာဝန်ထမ်းနေတဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင် ၂၉၃၇ ဦးရှိပြီး စစ်အုပ်စုထံ ပူးပေါင်းတာဝန်ထမ်း ဟန်ဆောင်နေတဲ့ Pre-CDM ရဲတပ်ဖွဲ့ဝင် အင်အားက ၃၄ ဦးအထိရှိကြောင်း NUG ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဝန်ကြီးဌာနက စုံစမ်းသိရှိရသမျှ CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်အင်အား ၆၀၀၀ နဲ့ ၇၀၀၀ ကြားရှိပြီး အခြားချိတ်ဆက်မရသေးတဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ဝန်ကြီးဌာနဘက်က ချိတ်ဆက်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ချိတ်ဆက်မရသေးတဲ့ CDM ရဲတပ်ဖွဲဝင်တွေ အနေနဲ့ ဝန်ကြီးဌာနရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေး ကော်မတီထံ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြဖို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ပြည်သူ့ရင်ခွင်ကို မခိုလှုံဘဲ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေသေးရင်၊ ပြည်သူအပေါ် အကြမ်းဖက်ရာရောက်တယ်လို့ မှတ်ယူထားပြီး အကြမ်းဖက်သမားမှန်သမျှကို ဘယ်ချိန်ဘယ်ကာလဖြစ်ဖြစ် တစ်ဦးတစ်ယောက်မှ လွတ်မြောက်မှုမရှိစေဘဲ၊ တရားဥပဒေနှင့်အညီ အရေးယူခံရမှာ ဖြစ်ကြောင်း လေးလေးနက်နက် သတိပေးတယ်လို့ လည်း ထုတ်ပြန်ပါတယ်။