နမခ ဗိုလ်ကြီးတစ်ဦး အလင်းဝင်

အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီး တစ်ဦး CDM ပြုလုပ်ကာ ပြည်သူ့ဘက်ရပ်တည်လာတယ်လို့သိရပါတယ်။
CDM ဗိုလ်ကြီးဟာ ဧပြီ ၁၁ ရက်နေ့က အကြမ်းဖက်စစ်တပ်ကို စွန့်ခွာခဲ့ပါတယ်။ ဧပြီ ၈ ရက်နေ့မှာ ပြည်သူ့ပန်းတိုင်နဲ့ ဆက်သွယ်ပြီးနောက် Pre-CDM စာရင်းသွင်းခဲ့ပြီး အခုအချိန်မှာတော့ ပြည်သူ့ပန်းတိုင်ရဲ့ အကူအညီနဲ့ လုံခြုံဘေးကင်းရာ နေရာကို ရောက်ရှိသွားပြီလို့ ပြည်သူ့ပန်းတိုင်ကထုတ်ပြန်ပါတယ်။
သူဟာ စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီးနောက် မိခင်ခြေလျင်တပ်ရင်းတစ်ခုမှာ ဒုဗိုလ်၊ ဗိုလ်အဆင့် တပ်စုမှူးအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ CDM မပြုလုပ်ခင်မှာတော့ ဗိုလ်ကြီးအဆင့်နဲ့ နောက်ဆုံးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စက်ဆုပ်ဖွယ်ကိစ္စရပ်တွေကို ကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ပြည်သူကို ကာကွယ်မယ်ဆိုတဲ့ တပ်မတော်ရဲ့ ရည်ရွယ်ချက်နဲ့လည်း မကိုက်ညီ၊ သူ့ရဲ့ခံယူချက်နဲ့လည်း မကိုက်ညီတဲ့အတွက် CDM ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သူက ပြည်သူ့ပန်းတိုင်ကနေတစ်ဆင့်ပြည်သူကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။