အာဆီယံအနေနဲ့ တရားဝင် ရွေးကောက်ခံ အစိုးရနဲ့သာ ဆက်ဆံပြီး စစ်အုပ်စုကို လုံးဝအသိအမှတ်မပြုဖို့ APHR (လူ့အခွင့်အရေးအတွက် အာဆီယံအမတ်များအဖွဲ့) က တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ တစ်နှစ်တစ်ယောက်ပြောင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်မှုလုပ်ငန်းစဉ်ကို အသေအချာပြန်လည် သုံးသပ်ဖို့၊
အာဆီယံအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လုံခြုံရေးကောင်စီတို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှု အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ အရပ်ဖက်အဖွဲ့တွေ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့၊ အာဆီယံအနေနဲ့ NUG အစိုးရ၊ EAOs တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တရားဝင်လူသိရှင်ကြားတွေ့ဆုံဖို့ အစရှိတဲ့ အချက် ၅ ချက်ကို APHR က တိုက်တွန်းတဲ့အကြောင်း ဧပြီ ၂၄ ရက်နေ့က အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားတယ်လို့ RFA က ရေးသားထားပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာဆီယံဟာ အလုပ်မဖြစ်တဲ့ အာဆီယံမူ ၅ ရပ်ကို လွှင့်ပစ်သင့်တာကြာပြီလို့ ဆိုပါတယ်။
‘အခုဆို တစ်နှစ်ကျော်ပြီ။ မင်းအောင်လှိုင်က လှည့်ကိုမကြည့်တာ။ အာဆီယံအနေနဲ့ အဖြစ်မှန်ကို ရင်ဆိုင်ဖို့လိုပါ ပြီ။ အခု APHR ရဲ့ အိတ်ဖွင့်ပေးစာကိုလည်း အာဆီယံအနေနဲ့ အလေးထားဖို့လိုတယ်’ လို့ သူကပြောပါတယ်။
မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပိတ်ဆို့အရေးယူဖို့ အချိန်တန်ပြီလို့ APHR က ဆိုပါတယ်။