စစ်သားနဲ့ လောင်စာဆီတင်ထားတဲ့ စစ်ကားအစီး ၂၀ ကျော် သထုံဘက်ဆင်

Photo- Google
ဒီနေ့မနက်ပိုင်းအတွင်း စစ်သားတွေနဲ့ လောင်စာဆီတွေတင်ထားတဲ့ စစ်ကားအစီး ၂၀ ကျော် သထုံဘက် ဆင်းသွားတယ်လို့ သိရပါတယ်။
သင်္ကြန်မတိုင်မီကတည်းက စစ်ကားတွေ အသွားအလာမရှိခဲ့ခြင်းဖြစ်ပြီး အခုအခါ ပထမဆုံးအကြိမ် စစ်ကားအရေအတွက် ခပ်များများ သွားတာကို မြင်ရခြင်းဖြစ်တယ်လို့ သထုံ၊ သိမ်ဆိပ်မှာနေထိုင်တဲ့ ပြည်သူတချို့က ပြောပါတယ်။
‘ကျွန်မတို့စိတ်ထင် ကရင်ပြည်နယ်ဘက်ဆင်းတယ်ထင်တယ်။ စစ်သားတွေ အသေများတော့ စစ်အင်အားဖြည့်တာလို့ထင်တယ်’ လို့ သူကပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီ ၂၅ မိနစ်လောက်မှာ ပြောက်ကျားမိုးကာတွေနဲ့ ဘေးနှစ်ဖက်အလုံပိတ်ထားတဲ့ စစ်ကား ၁၀ စီးကျော် ဘီးလင်းဘက်ကနေ သထုံဘက်ကို ထွက်သွားတာတွေ့ရပြီး အဲဒီကားတွေပေါ် စစ်သားတွေ အပြည့်ပါသွားတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၈ နာရီ မိနစ် ၅၀ လောက်ကလည်း စစ်ကားကြီး ၁၀ စီးနဲ့ အရာရှိတွေစီးလာတဲ့ ဂျစ်ကား ၃ စီး ဘီလင်းဘက်ကနေ သထုံဘက်သွားတာကို တွေ့ရကြောင်း သိမ်ဆိပ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
‘ကားကြီး ၈ စီးမှာ ဆီတိုင်ကီတွေ တင်ထားတယ်။ ၂ စီးမှာ စစ်ခွေးတွေ အပြည့်ပါတယ်။ ဂျစ်ကားပေါ်မှာကတော့ အရာရှိတွေထင်တယ်’ လို့ သူကပြောပါတယ်။
သင်္ကြန်အပြီးကစလို့ ကျိုက်ကော်နဲ့ သိမ်ဆိပ်ဝန်းကျင်မှာ ညဘက်စစ်တပ်ကင်းလှည့်တာမျိုး မတွေ့ရတော့သလို ကျိူက်ကော်၊ သိမ်ဆိပ်အနီးရှိ ခမရ (၉) စစ်တပ်လည်း လုံးဝငြိမ်နေတယ်လို့ သိရပါတယ်။
‘အရင်တုန်းညဘက်ဆို စစ်သားနဲ့ ရဲကားနဲ့ ကင်းလှည့်တယ်။ခမရ ၉ က ဝီယော်ဂိတ်နဲ့ ပိန္နဲတောဂိတ်မှာ အရင်ကစစ်ခွေးတွေ ရှိတယ်၊ ခရီးသွားတွေကို စစ်တယ်။ အခုသင်္ကြန်အပြီးမှာ အဲဒီဂိတ်တွေမှာ စစ်သားတွေ မစောင့်တွေ့ဘူး’ လို့ သိမ်ဆိပ်နေ အမျိုးသားက ဆိုပါတယ်။