စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ၃၆ မြို့နယ်မှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးကို စတင်အကောင်အထည်ဖော်နေပြီလို့ သိရပါတယ်။
NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က တစ် နှစ်ပြည့် ပြည်သူသို့ အစီရင်ခံရာမှာ အဲဒီလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း အတွင်းရှိ ၂၉ မြို့နယ်နဲ့ မကွေးတိုင်း ၇ မြို့နယ်တို့မှာ ဖော်ဆောင်နေတာဖြစ်သလို ဧရာဝတီတိုင်းနဲ့ ပဲခူတိုင်းတို့မှာလည်း ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ဖို့ ကနဦးမြေပြင် စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဦးလွင်ကိုလတ်က ဆိုပါတယ်။
ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ဖို့ လွှတ်တော်အမတ်တွေ၊ ပကဖ နဲ့ ပလဖ ခေါင်းဆောင်တွေ လူထုယုံကြည်တဲ့ ခေါင်းဆောင်တွေနဲ့ ဝန်ကြီးဌာန ၁၀ ခု ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ကြားကာလအုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာတွေမှာ ပြည်သူတွေက အခွန်ထည့်ဝင်မှုတွေ ပြုလုပ်ရင်လည်း စတင်လက်ခံနေပြီလို့ သိရပါတယ်။