စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အိုးအိမ်စွန့်ထွက်ပြေးရသူပေါင်း ခြောက်သောင်းကျော်ရှိပြီလို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီ (၁၁) ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်ပွဲရှောင်နဲ့ အခြားလုံခြုံရေး အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၆၂,၈၀၀ လောက် ရှိနေဆဲပဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း မူဆယ်နဲ့နမ္မတူမြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ပဋိပက္ခအခြေအနေဟာ တင်းမာနေဆဲဖြစ်ပြီး အဲဒီတိုက်ပွဲတွေကြောင့် မူဆယ်မြို့နယ်၊ ကျေးရွာတချို့က လူ ၇၈၀ လောက်ဟာ အခုနှစ်မတ်လကုန်ကတည်းက ယာယီစခန်း ၇ နေရာမှာ တိုက်ပွဲရှောင်နေကြရဆဲ ဖြစ်ပါတယ်။
အလားတူပဲ နမ္မတူမြို့နယ်မှာ လူ ၂၅၀ ကျော်ဟာ ဧပြီလပထမနှစ်ပတ်အတွင်း ယာယီတိုက်ပွဲရှောင်ခဲ့ကြရပါသေးတယ်။ တိုက်ပွဲရှောင်ကြရသူတွေဟာ ဧပြီလအစောပိုင်းကတည်းကပဲ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေထံကနေ စားနပ်ရိက္ခာ၊ မရှိမဖြစ်လိုအပ်တဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ၊ ကိုဗစ်ရောဂါကာကွယ်ရေးပစ္စည်းတွေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ ရရှိထားကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ အဓမ္မတပ်သားစုဆောင်းတယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ သတင်းတွေလည်း ရှိနေကြောင်း အရပ်သားတွေကို အကာအကွယ်ပေး စောင့်ရှောက်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနဲ့ တန့်ယန်းမြို့နယ်တွေမှာ အရပ်သား ၇၈ ဦးဟာ အဓမ္မတပ်သားစုဆောင်းခံထားရကြောင်း UNOCHA က ထုတ်ပြန်ပါတယ်။