အပြာရောင် လှုပ်ရှားမှုမှာ ပြင်သစ်သံရုံး ပူးပေါင်းပါဝင်

သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အပြာရောင် လှုပ်ရှားမှုမှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ပူးပေါင်းဆောင်ရွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ပြင်သစ်သံရုံးအနေနဲ့ မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးခံနေရတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စာနာထောက်ထားကာ ‘ရှပ်အင်္ကျီအပြာရောင်’ လှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေအပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက ထပ်လောင်း တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီနေ့ဟာ စစ်အကျဉ်းထောင်ထဲ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့်ဖြစ်ပြီး ဦးဝင်းတင်ဟာ ထောင်ကနေ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မချင်း အကျဉ်းထောင် ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံကို နေ့စဉ်မပျက် ဝတ်ဆင်သွားခဲ့သူဖြစ်ပါတယ်။
ဒါကြောင့် သူကွယ်လွန်ခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ အပြာရောင်အင်္ကျီဝတ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုကြဖို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်းက လှုံ့ဆော်ခဲ့ပါတယ်။