ပေါက်မြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၂ ရက်ဆက် တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၁၁ ရွာမှာ လူသတ်မီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျောက်ထု PDF က ဒီကနေ့ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ် အင်အား ၈၀ လောက်ဟာ ပေါက်မြို့နယ်တောင်ပိုင်းတခွင် ကမ်းကုန်အောင်ယုတ်မာ ရက်စက်ခဲ့ပြီးနောက် ပေါက်မြို့နယ်အဆုံးကျောက်ထုဒေသအစပ် မန်းကျေးရွာအရှေ့ ပုံတောင်အခြေကိုရောက်ရှိလာတဲ့ ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ နာရီဝက်ကြာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီနောက် ည ၇ နာရီခွဲလောက်မှာ မိနစ်၂၀ ကြာ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ကြတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဧပြီ ၁၉ ရက်နေ့ မနက် ၈ နာရီလောက်မှာ ကျောက်ထု PDF က လက်နက်ကြီးနဲ့ ၂ ချက် ထပ်မံပစ် ခတ်ခဲ့တယ်လို့ ကျောက်ထု PDF က ထုတ်ပြန်ပါတယ်။
‘အခုကျွန်တော်တို့ PDF တို့ရဲ့ လက်နက်အင်အားက စစ်ခွေးတွေလောက်မကောင်းသေးပေမဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့အခြေအနေကို ရောက်နေပါပြီ။ ပြီးတော့ PDF တွေက ရဲဘော်တိုင်းရဲ့ အသက်ကို တန်ဖိုးထားပြီး အထိအခိုက်အနည်းဆုံးဖြစ်အောင် အမြဲတမ်းလုံ့လစိုက်ကြတယ်’ လို့ ကျောက်ထုမြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
၂ ရက်တာ တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေ အထိအခိုက်ရှိနိုင်ပေမဲ့ စာရင်းအတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ပါတယ်။ PDF ရဲဘော်တွေကတော့ အထိအခိုက် လုံးဝမရှိဘူးလို့ သိရပါတယ်။