ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းပေါ်မှာရှိတဲ့ ထန်းတပင်တိုးဂိတ်ကို မြို့ပြောက်ကျားအဖွဲ့တစ်ခုက ဗုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ From Zero To Hero အဖွဲ့က လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ထန်းတပင်တိုးဂိတ်ဟာ ဧပြီလ ၁ ရက်နေ့ကတည်းက လေလံအငှါးစာချုပ် ပြည့်နေခဲ့ပြီဖြစ်ပေမယ့် စစ်အုပ်စုရဲ့ ထောက်တိုင်အဖြစ် ငွေရှာပေးနေတာကြောင့် အခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ From Zero To Heroက ဆိုပါတယ်။
“မနက်ကတော့ ဂိတ်မှာ အစစ်အဆေးကြမ်းနေတယ်၊ ပေါက်ကွဲတာကြောင့် ကြီးကြီးမားမားတော့ ထိသွားပုံမရဘူး ထူးထူးခြားခြား မတွေ့ရဘူး၊ အခုလို ခံရတာလဲ ကောင်းတယ် အဲ့မှာ စခတွေကအစ ပိုက်ဆံထိုင်တောင်းနေတာ” လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရရှိသူတွေ ရှိမရှိကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဲဒီတိုက်ခိုက်မှုဟာ နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲ ရေးအဖွဲ့၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးကြိုးက ပြောပါတယ်။