မြောင်းမြမှာ ကိုဗစ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ မပါသူတွေကို မြို့ထဲအဝင်မခံ

Photo-UKW
ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာ မပါတဲ့ ခရီးသွားပြည်သူတွေကို မြို့ထဲ အဝင်မခံဘဲ မြို့ပြင် ကွယ်လွယ်စစ်ဆေးရေးဂိတ်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးမှ မြို့တွင်းကို ဝင်ရောက်ခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းက စတင်ပြီးတော့ မြို့ဝင်စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်နဲ့ ကိုဗစ်ဆေးထိုးပြီးကြောင်း ထောက်ခံစာတွေကို စစ်ဆေးနေပြီး ထောက်ခံစာမပါသူတွေကို ချက်ခြင်း ဆေးထိုးခိုင်းပြီးမှ မြို့တွင်းဝင်ရောက်ခွင့် ပြုနေတာပဲဖြစ်ပါတယ်။
“ဆေးထိုးပြီး စာရွက်ပျောက်နေသူတဲ့သူတွေလည်းမရဘူး ထပ်ထိုးခိုင်းတာပဲ၊ ရှေ့ကဆေးနဲ့ နောက်ကဆေး တည့်လား မတည့်လားဆိုတာလည်း မသိရဘူး၊ မထိုးရင် အဝင်မခံဘူး၊ လမ်းတလျှောက် သူတို့ စစ်ဆေးရေးဂိတ်တွေက လူစုလူဝေးတောင် ပိုဖြစ်စေသေးတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကိုဗစ်ကာကွယ်ရေး အကြောင်းပြကာ စည်းကမ်းချက်တွေ တင်းကြပ်နေတဲ့ စစ်အုပ်စုဟာ မြောင်းမြမြို့တွင်းမှာ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပနိုင်ဖို့အတွက်လဲ လုပ်ဆောင်နေခဲ့ပါတယ်။