သင်္ကြန်မဏ္ဍပ် ဝန်ထမ်းတွေ မပျက်မကွက် တက်ရောက်ဖို့ ပြည်ထဲရေးက စာထုတ်ညွှန်ကြား

Crd-MPCC
အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက နေပြည်တော်မှာ ပြုလုပ်မယ့် သင်္ကြန်မဏ္ဍပ် စည်ကားဖို့အတွက် ဝန်ထမ်းတွေ နေ့ရက်အလိုက် အလှည့်ကျ မပျက်မကွက် သွားရောက်ကြဖို့ ညွှန်ကြားထား တယ်လို့ Myanmar Police CDM Channel – MPCC က ဖော်ပြထားပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ မဏ္ဍပ်စည်ကားဖို့ ဌာနအသီးသီးက တက်ရောက်ရမယ့်အရာရှိ စာရင်းတွေ တောင်းခံလျက်ရှိတယ်လို့ စာမှာဖော်ပြထားပါတယ်။
အဲဒီစာမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ မိသားစု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနဲ့အညီ ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ယိမ်းအကတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာကို ဝန်ထမ်းတွေအနေနဲ့ မပျက်မကွက် နေ့စဉ်အလှည့်ကျ လာရောက်ကြည့်ရှု အားပေးဖို့နဲ့ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြဖို့ ညွှန်ကြားထားပါတယ်။
နေပြည်တော်အတွင်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ဌာနတွေ တက်ရောက်ဖို့နဲ့ နေ့ရက်အလိုက် ကြီးကြပ်မယ့် အရာရှိတွေရဲ့ အမည်စာရင်း၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ပြန်လည်တင်ပြဖို့ တောင်းထားတယ်လို့ ဆိုပါတယ်။