ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုခန့်အုပ်ကြီးနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦး အပစ်ခံရ

ဓာတ်ပုံ- BLACK WOLF – PDF
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တအုံကျေးရွာက အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနဲ့ ပျူစောထီးအဖွဲ့ ကိုရွှေနန်းဆိုသူကို BLACK WOLF – PDFက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၇ရက်နေ့ နေ့လည်ပိုင်းမှာ ရွှေဘို-ကျောင်မြောင်း လမ်းပေါ်မှာ ဦးကျော်ထွန်းနဲ့ ကိုရွှေနန်းတို့ ဆိုင်ကယ်နဲ့ သွားချိန် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုကို သတင်းပေးတာ ၊ ကျေးရွာပြည်သူတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ ၊ ရွှေဘိုတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေနဲ့ ဆက်သွယ်တာ ၊ ကော့ရွာက ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး လူသစ်စုဆောင်းမှု ပြုလုပ်တာ စတာတွေကို အချိန်လေးလလောက် စောင့်ကြည့်ပြီးနောက် အခုလိုရှင်းလင်းခဲ့တာလို့ BLACK WOLF – PDF က ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပျူစောထီးတွေကို မွေးမြူကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်တာတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။