နယ်မြေစိုးမိုးဖို့ အားပြိုင်နေတဲ့ စစ်ကိုင်းတိုင်း

■ ပြည့်ဖြိုး

စစ်အာဏာသိမ်းမှုကို လက်နက်စွဲကိုင်အပြင်းအထန် တော်လှန်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ချေမှုန်းဖို့ စစ်ဗိုလ်ချုပ်ကြီးတွေ ၂၀၂၁ အောက်တိုဘာလက အကြီးအကျယ်ပြင်ဆင်လာတဲ့ အနော်ရထာစစ်ဆင်ရေးဟာ မြေပြင်ထိုးစစ်ဆင်ပြီး ၅လကျော်ကြာတဲ့အထိ ထင်သလောက်ခရီးမပေါက်ခဲ့ပေ။

တော်လှန်ရေးအင်အားစုတွေနှင့် ဒေသခံတို့ကြား သတင်းစီးမျောမှုနှင့် စစ်ဆင်ရေးရဲ့ ရက်စက်ကြမ်းကျူတ်မှုတွေကို ဖုံးကွယ်နိုင်ဖို့ စစ်တပ်က ရခိုင်ပြည်နယ်မှာသုံးခဲ့တဲ့ အင်တာနက်ဖြတ်တောက်ခြင်းနည်းလမ်းဟောင်းကို ၂၀၂၂ မတ်လ ၃ ရက်နေ့က စသုံးပြီး ထိုးစစ်အရှိန်ကိုမြှင့်လိုက်တယ် ။

စစ်ရေးနှင့် အုပ်ချုပ်ရေးအရ အဓိကကျတဲ့ မုံရွာ၊ကလေး၊စစ်ကိုင်း၊ရွှေဘို မြို့ကြီးတွေကလွဲပြီး ကျန် ၃၃မြို့နယ်ကိုအင်တာနက်လိုင်းတွေဖြတ်တဲ့အပြင် ဖုန်းအော်ပရေတာတွေပါ ကောင်းစွာအဆက်အသွယ်မလုပ်နိုင်ဖို့  အားထုတ်ထားပါတယ် ။

အနော်ရထာစစ်ဆင်ရေး ( စစ်တပ်အာဘော်သတင်းတွေမှာ အလောင်းဘုရားစစ်ဆင်ရေးလို့ဖော်ပြ ) အတွက် ၂၀၂၁  မုတ်သုန်ရာသီအကုန်က ခြေလျှင်တပ်၊တင့်ကားတွေ တပ်ဖြန့်လိုက်ချိန်မှာပဲ  မိုင်းဆွဲတိုက်ခိုက်မှုများတဲ့ ကနီ၊ပုလဲ၊အရာတော်၊ဝန်းသို၊ပင်လည်ဘူး၊ဘုတလင်၊ကောလင်း မြို့နယ် ၈ ခုကိုတော့  အဲဒီကတည်းက အင်တာနက်ဖြတ်တောက်ထားပါတယ် ။

ဗမာလူမျိုးစုအများဆုံးနေထိုင်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အနောက်မြောက်လွင်ပြင်ဒေသရဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ ရေခံမြေခံ ကွာခြားပြီး နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင်လာတဲ့ တောင်တန်းဒေသက တိုင်းရင်းသားတွေနှင့်တိုက်ခိုက်ရတဲ့ စစ်ဆင်ရေးနယ်မြေနှင့်များစွာကွာခြားနေပါတယ်။

မကွေးတိုင်း ၊စစ်ကိုင်းတိုင်း၊ချင်းပြည်နယ် သုံးခုဆုံချက်နေရာ အနောက်မြောက်ဒေသဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကိုထောက်ခံတဲ့ အမာခံနယ်မြေတွေပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့  စက်တင်ဘာလက တစ်တိုင်းပြည်လုံး ခုခံစစ်ဆင်နွှဲဖို့ D –Day မကြေညာခင် ကတည်းက ရန်ကုန်၊ဧရာဝတီတိုင်းတွေလို ဒေသတွေ ပညာတက်လူငယ်တွေဟာ စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်က ဒေသကာကွယ်ရေးတပ်တွေဆီကို လွတ်မြောက်နယ်မြေတခုလို  ရောက်နှင့်နေကြပြီ ဖြစ်ပါတယ် ။

နောက်ဆုံးကောက်ခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၁၈နှစ်နဲ့  ၃၅ နှစ်ကြား လူငယ်ဦးရေအများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်တပ်ကို အာခံတဲ့ လူငယ်တော်လှန်ရေးအင်အားစုတွေ ပေါများလာမှာကို အရင်ကတည်းက ခန့်မှန်းထားခဲ့ကြပြီး ဖြစ်ပါတယ်။

လက်လုပ်တူမီးကို အစပြုပြီး တော်လှန်ရေးတိုက်ပွဲစခဲ့တဲ့ စစ်ကိုင်းတိုင်းက PDFတွေကို ခေတ်မီလက်နက်တွေပိုင်ဆိုင်ပြီး စွမ်းရည်ပြည့်ဝသည်ဟူသော တပ်မတော်က ဦးနှိမ်အောင် မလုပ်နိုင်တာကို စစ်ခေါင်းဆောင်တွေ မချိတင်ကဲဖြစ်နေတာ ထင်ရှားပါတယ်။

စစ်အာဏာသိမ်းပြီးစကာလမှာ ရောက်လာတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့်ကို စွမ်းဆောင်ရည်ညံ့ဖျင်းသည်ဟူသောအကြောင်းပြချက်နဲ့ တစ်နှစ်အကြာမှာ ဖယ်ရှားခံလိုက်ရပါတယ် ။

သူ့နေရာကို ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးတွေမှာ လက်သံပြောင်ခဲ့တဲ့ ကလေးမြို့အခြေစိုက်အမှတ် (၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်သန်းထိုက်နဲ့ အစားထိုးခဲ့တယ်။

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပယ်ဖျက်ခံရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလက စစ်ကိုင်းတိုင်းဆီ လာရောက်ပြီး ကလေး၊မုံရွာ၊ရွှေဘို၊မြို့တွေက တပ်နယ်မိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ် ။

ကုန်းဘောင်မင်းဆက်တည်ထောင်သူ အလောင်းမင်းတရားကြီးရဲ့ ရွှေဘိုမြို့နန်းတော်ဟောင်းကို ဗိုလ်ချုပ်မှူးကြီးအောင်မြေနင်းပြီး အပြန် ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် မဲဆွယ်ကမ်းပိန်းသီချင်းဖြစ်တဲ့ “ဒေါက်ဖိနပ်လျှောက်သံ  “သီချင်းသံပြိုင်အော်ဆိုပြီး လှောင်ပြောင်ခဲ့လို့ စစ်ကိုင်းတိုင်းအပေါ်  အငြိုးအတေးထားသွားမှာ သေချာပါတယ်။

နေပြည်တော်နဲ့  ဒေသစစ်ဆင်ရေးကွပ်ကဲမှုလက်အောက်က တပ်အင်အား ၃သောင်းလောက်ရှိတဲ့ စစ်ဆင်ရေးဟာ စစ်ကိုင်းတိုင်းကိုနယ်မြေအသာစီးရစေရေး နည်းလမ်းမျိုးစုံသုံး ထိုးစစ်ဆင်နေတယ်။

စစ်တပ်ရဲ့ သုံးစွဲနေကျ ဗျူဟာဖြစ်တဲ့ ဖြတ်လေးဖြတ်စနစ် ရိက္ခာဖြတ်၊ဘဏ္ဍာငွေဖြတ်လုပ်ဆောင်ပြီးနောက် သတင်းနှင့်လူထုအဆက်အသွယ်ဖြတ်တောက်မှုကို မတ်လမှာ စပြီး မီးကုန်ယမ်းကုန် လုပ်ဆောင်လာနေတယ်။

PDFတွေ ခြေကုပ်စခန်းရှိတယ်လို့ အသံထွက်တဲ့ ကျေးရွာတွေကို အကုန်မီးရှို့၊အကုန်လုယက်၊တွေ့ရာသတ် မြေလှန်စနစ်လုပ်ဆောင်တယ်။စစ်ဘေးရှောင်အတွေ့အကြုံနည်းပါးတဲ့ မြေပြန့်လွင်ပြင်က ဒေသခံထောင်ပေါင်းများစွာဟာ စစ်တပ်ဝင်လာတိုင်း ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်ထွက်ခွာသွားရင် မီးလောင်ပြင်ဖြစ်နေတဲ့ နေရာဟောင်းမှာ ယာယီတဲထိုးနေထိုင်ပြီး ကြံ့ကြံ့ခံကြတယ်။

ဒေသကာကွယ်ရေးတပ်ကို လက်ခံရင် နေစရာဘုံပျောက်မယ်ဆိုတဲ့ ဝါဒမှိုင်းဟောင်းကို သွတ်သွင်းနေပေမယ့်လည်း ဒီလုပ်ဆောင်ချက်က ဒေသခံတွေရဲ့ အမုန်းတရားနှင့်နာကျည်းစိတ်ကို ပိုမိုစေပါတယ်။

တော်လှန်ရေးအပေါ် စိတ်အားမထက်သန်ဘဲ ဒေသလယ်ယာလုပ်ငန်းခွင်ကိုပဲ အားစိုက်နေတဲ့ လူငယ်အချို့ဟာ နေအိမ်မီးလောင်ဆုံးရှုံးပြီးနောက် ဒေသကာကွယ်ရေးတပ်တွေဆီကို ခြေစုံပစ်ဝင်လာကြပါတယ် ။

ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ၂၀၀ နီးပါးဟာ စစ်ကိုင်းတိုင်းကို အခြေစိုက်ပြီး အင်အား ၈သောင်းနီးပါးရှိမယ်လို့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ် ။

ဒါ့အပြင် တိုက်ခိုက်ဖို့အသင့်ဖြစ်နေတဲ့ သင်တန်းဆင်းစစ်သည်အင်အား တိုးပွားနေတယ်။

ပြည်သူ့အလှူငွေနဲ့သာ ရပ်တည်နေရတဲ့ PDF တွေဟာ ကိုယ်တိုင်လုပ် လက်နက်တွေနဲ့ ခုခံနေပြီး ခေတ်မီလက်နက်တွေနဲ့ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကိုရင်ဆိုင်တိုက်ဖို့ အခြေအနေစုဖွဲ့မှုမရှိပေ။ လက်လုပ်ပဒေသာမိုင်း၊ရှေ့ထွက်မိုင်းတွေနဲ့သာ ပစ်၊ဆွဲ၊ပြေး ပြောက်ကျားစနစ်နဲ့  ခုခံနေတာပါ။

အသာစီးရနိုင်ဖွယ်ရှိတဲ့ နယ်မြေအခြေအနေရမှာသာ မဟာမိတ်အဖွဲ့တွေ စုပေါင်းပြီး တိုက်တဲ့စနစ်ကို ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။

ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ချင်းတွင်းတိုင်း(မ်)ရဲ့ မှတ်တမ်းအရ စစ်ကိုင်းတိုင်း မြေပြန့်လွင်ပြင်က ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ  စစ်ကောင်စီတပ်နှင့် ၂၀၂၁ ဧပြီကစပြီး တစ်နှစ်အတွင်း ထိတွေ့တိုက်ပွဲပေါင်း ၃၀၀နီးပါးရှိပြီ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ အသာစီးရထားတဲ့ နယ်မြေတွေကို လက်မလွှတ်ရဖို့အတွက် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့တွေကိုလည်း အသုံးပြုနေရပါတယ်။

နယ်မြေရှင်းလင်းရေးပြီးနောက် နောက်ချန်အင်အားနဲ့  သိမ်းပိုက်တပ်စွဲထားဖို့ အင်အားမလုံလောက်တဲ့ စစ်တပ်ဟာ ပြည်သူ့စစ်ဗျူဟာအဖြစ် သူတို့ကို  ထောက်ခံတဲ့ ဒေသခံတွေကိုစုစည်းပြီး ပြည်သူ့စစ်အဖွဲ့ဖွဲ့(ဒေသအခေါ်ပျူစောထီးအဖွဲ့)  စစ်သင်တန်းပေးပြီး ဒေသကို ယာယီထိန်း ချုပ်ထားစေတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးမြတ်ကျော်တင်ပြတဲ့ မီဒီယာထံပေါက်ကြားထားတဲ့ စစ်ရေးသတင်းအရ စစ်တပ်က စစ်ကိုင်းတိုင်းမှာ ပြည်သူ့စစ်(ပျူစောထီး) ၇၇ ဖွဲ့ ဖွဲ့ထားပြီး လက်နက် ၂၀၀၀ ကျော်တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

တောတောင်ထူထပ်မှုနည်းပြီး လုံခြုံတဲ့ အခိုင်အမာတပ်စခန်းချထားနိုင်မှုမရှိတဲ့ စစ်ကိုင်း၊ချောင်းဦး၊မြောင်၊ပုလဲ၊ယင်းမာပင်၊ကနီ၊ဘုတလင်၊အရာတော်၊မင်းကင်း ၊ဒီပဲယင်း၊ရေဦး၊ခင်ဦး၊ဝက်လက် ၊ရွှေဘို တို့လို့ စစ်ကိုင်းတိုင်းမြေပြန့်လွင်ပြင်က PDF တွေဟာ ကိုယ်တိုင်ဖန်တီးတဲ့ လက်နက်တွေနဲ့ စစ်ကောင်စီကို ခုခံနေပြီး ခြေကုပ်နယ်မြေမဆုံးရှုံးဖို့ အသည်းအသန် ကြိုးစားနေရတယ်။

တစ်ဖက်မှာလည်း လက်နက်အင်အား အတန်သင့်အားကောင်းပြီး ချင်းအမျိုးသားတပ်ဦး၊ချင်းအမျိုးသားတပ်မတော် (CNF/ CNA)၊ ချင်းဒေသကာကွယ်ရေးတပ် (CDF)တွေနဲ့ ချိတ်ဆက်မှုရှိတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း အိန္ဒိယနယ်စပ် ကလေးဝ၊ကလေး၊တမူးမြို့တွေက  PDFတွေဟာ နယ်မြေစိုးမိုးမှုအလျင်အမြန်ရနေတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ရဲ့ ကျောထောက်နောက်ခံမှုကောင်းတဲ့ ပင်လည်ဘူး၊ဝန်းသို၊ကောလင်း၊ထီးချိုင့် ဒေသက PDFတွေကလည်း ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေအခိုင်အမာရနေပြီ ။

ကျေးရွာ ၆၀၀၀ နီးပါးရှိတဲ့ စစ်ကိုင်းတိုင်းမှာ ရာဂဏာန်းသော ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စိုးမိုးထားနိုင်တယ်။

NUG အစိုးရက PDFတွေစိုးမိုးထားတဲ့ ဒေသတွေကိုအခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ယန္တယားလည်ပတ်ဖို့ လုပ်ဆောင်နေတယ်။

CDM ရဲတွေက ယာယီအုပ်ချုပ်ရေးကော်မတီဖွဲ့စည်းပြီး အမှုအခင်းတွေ ဖော်ထုတ်ပြစ်ဒဏ်ချဖို့ အကျဉ်းထောင် တည်ဆောက်လာတယ်။

တိုက်ပွဲရှည်ကြာလာတာနဲ့အမျှ စစ်ပန်းလာတဲ့ တပ်မတော်ဟာ မီးရှို့၊လူသတ်မှုတွေကြောင့် ပြည်သူတွေရဲ့ အမုန်းတရားကိုပါ  ခါးသည်းစွာခံနေရတယ်။

ဒီအကျိုးဆက်က တပ်ကို စွန့်ခွာပြီး ထွက်ပြေးလာတဲ့ အောက်ခြေစစ်သားတွေတင်မက ထိပ်ပိုင်းအရာရှိစစ်သည်တွေတိုးလာတယ်လို့ အာဏာဖီဆန်ရေးလုပ်လာတဲ့တပ်သားတွေက ပြောတယ်။

Data For Myanmar အဖွဲ့ရဲ့မှတ်တမ်းအရ ခရိုင် ၁၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းမှာ ခရိုင် ၉ ခုမှ ကျေးရွာပေါင်း ၂၀၀ ကျော် နေ့စဉ်မပျက်မီးရှို့ခံနေခြင်းက စစ်တပ်အပေါ်ဒေသခံတွေရဲ့ အမုန်းတရား မီးတောက်ကို ပိုမိုအားကောင်းစေပါတယ်။

နယ်မြေကျယ်ဝန်းပြီး မြေပြန့်နှင့် တောင်တန်းပေါင်းစပ်တည်ရှိခြင်း ၊လူထုတက်ကြွထောက်ခံမှုရှိခြင်း၊စိတ်ဓာတ်ရေးအရ အသာစီးရနေခြင်း ၊ ပြင်ပထွက်ပေါက် အိန္ဒိယနိုင်ငံ နယ်စပ်ဂိတ်ဝရှိ၍ ပထဝီအနေအထားအရ လက်နက်ကိုင်တော်လှန်သူတို့အတွက်အားသာချက်ရှိတဲ့ စစ်ကိုင်းတိုင်းကို စစ်ရေးအရ အပြုတ်ချေမှုန်းဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

အဓိကကျတဲ့ မြို့ကြီးတွေမှာလည်း တော်လှန်ရေးရဲဘော်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေ၊ဆန္ဒပြမှုတွေကြောင့် စစ်ကောင်စီက အလုံးစုံအုပ်ချုပ်မှု ယန္တရားလည်ပတ်ခွင့်မရပေ။

အချိန်တိုအတွင်း တိုက်ခိုက်ရေးစွမ်းရည်ပြည့်ဝလာတဲ့ PDFတွေအတွက် အသက်တမျှအရေးကြီးတဲ့ လက်နက်ကို သူတို့သစ္စာခံတဲ့ NUG က အလျင်အမြန် တပ်ဆင်ပေးနိုင်ခြင်းမရှိသေးတဲ့ ကြားကာလဟာ နယ်မြေစိုးမိုးထားနိုင်မှုအတွက် ကြီးမားသော အဖြေတစ်ရပ်ပေးလာမှာ ဖြစ်တယ် ။

နယ်မြေကျယ်ဝန်းပြီး အင်အားတောင့်တင်းတဲ့ စစ်ကိုင်းတိုင်းက PDF တွေကို အမြစ်ပြတ်ချေမှုန်းဖို့ စစ်ကောင်စီ အိမ်မက်ဟာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။