မြန်အောင်မြို့မှာ Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲခံရ

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ဖားအောက်တောကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ပိုင် Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၇ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ Red Dragon Revolution Force ( Myanaung ) အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ရဲ့ ပထမဆုံး စစ်ရေးပစ်မှတ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ ဖြစ်တဲ့ Mytel တာဝါတိုင်တွေပေါ့လေ၊ တာဝါတိုင်တွေကို ထိရောက်စွာ ဖျက်ဆီးဖို့ဆိုရင် လှဲရင် လှဲ၊မလှဲရင် တိုင်အောက်ခြေက System ပုံးတွေကို သုံးမရအောင် လုပ်ရမှာပေါ့၊ ဒါ့ကြောင့် ကျနော်တို့ RDRF အဖွဲ့ဝင်တွေက တာဝါတိုင်အောက်ခြေက System ပုံးထဲကို မိုင်း ၂လုံး အတွဲလိုက် ထည့်ထားပြီး အဝေးထိန်းစနစ်နဲ့ တပြိုင်နက် ဖောက်ခွဲလိုက်တာပါ၊ မိုင်းပေါက်ကွဲတဲ့အသံတောင် မြို့က ကျယ်လောင်စွာ ကြားရတော့ ပေါက်ကွဲပျက်စီးမှုကတော့ အားတော်တော်ပြင်းပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ရှေ့ဆက်ပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ချေမှုန်းမှာမို့ ပြည်သူတွေအနေနဲ့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ စာတွေကို သေသေချာချာ လိုက်နာပေးစေချင်ပါတယ်”လို့ Red Dragon Revolution Forceရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ARNSမှာ ဖြေကြားထားပါတယ်။
Red Dragon Revolution Force အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ နီးရာနေရာတွေကို သွားလာတာတွေ မလုပ်ဆောင်ဖို့နဲ့ စစ်အုပ်စုရဲ့ အနီးတဝိုက်မှာရှိတဲ့ မိမိတို့နဲ့ သက်ဆိုင်မှုမရှိတဲ့ ပစ္စည်းတွေကို ကောက်ယူဖွင့်ဖောက်ကြည့်တာတွေ မလုပ်ဆောင်ဖို့ မေတ္တာရပ်ခံထားပါတယ်။