PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ကသာမှာ စစ်တပ်ရိက္ခာတင်စက်လှေနှစ်စီး နစ်မြုပ်

PDFတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ရိက္ခာတင်စက်လှေ ၂ စီး နစ်မြုပ်သွားတယ်လို့သိရပါတယ်။
ဒီနေ့နေ့ခင်း ၁၁ နာရီလောက်မှာ ကသာမြို့နယ်၊ အုပ်ချီရွာကနေ မြို့လှရွာဘက် အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင်စက်လှေနှစ်စီး ဆန်တက်လာစဉ် ဗိုလ်မိုဃ်းကြိုးဦးဆောင်တဲ့ မြို့လှ PDF တပ်က ကောက်ကွေ့ ချောင်းတနေရာကနေ H-22 mm လက်လုပ်ရှေ့ထွက်မိုင်း ၅ လုံး၊ ရေမြုပ်မိုင်း ၁ လုံးတို့နဲ့ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့လှ PDF က ထုတ်ပြန်ပါတယ်။
စက်လှေနှစ်စီးစလုံး လုံးဝနစ်မြုပ်သွားသလို စက်လှေပေါ်က အကြမ်းဖက်စစ်သားတွေလည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။
မြို့လှ PDF က ၁၀ မိနစ်လောက်ကြာ ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကလည်း အုပ်ချီရွာ ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။