ရန်ကုန် သင်္ကြန်ပစ္စည်းစျေးကွက် ပျက်သလောက် ဖြစ်နေ

ရေသေနတ်၊ ရေပြွတ်၊ စတီးရေပြွတ် စတဲ့သင်္ကြန်ပစ္စည်းတွေကို ဝယ်ယူမယ့်သူ မရှိသလောက် နည်းပါးနေတာကြောင့် ရန်ကုန်သင်္ကြန်ပစ္စည်း စျေးကွက် ပျက်သလောက် ဖြစ်နေတယ်လို့ အရောင်းဆိုင်တွေဆီက စုံစမ်းသိရပါတယ်။
အရင်က မတ်လ လောက်ကတည်းက ရေသေနတ်၊ ရေပြွတ် ၊ စတီးရေပြွတ်၊ ပန်းကုံး စတဲ့ သင်္ကြန်ပစ္စည်းတွေကို ဝယ်ယူမယ့်သူ များပြားတာကြောင့် စျေးကွက်အတွင်း လက်မလည်အောင် ရောင်းချခဲ့ရတာကို တွေ့ခဲ့ရပါတယ်။ အခုနှစ်မှာတော့ စစ်အုပ်စုက သင်္ကြန်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေပေမယ့် သင်္ကြန်ပစ္စည်းတွေကို စျေးကွက်အတွင်း ဝယ်ယူမယ့်သူ မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။
“အရင်ကတော့ ၃ လပိုင်းလောက်ထဲက လာဝယ်ကြတာပေါ့။ အခုကတော့ တစ်ရက်ကို နှစ်ယောက်သုံးယောက် ယောက်လောက်တောင် မလာကြဘူး။ လာတဲ့သူတွေကလည်း မေးပြီး ပြန်သွားတာ များတယ်။” လို့ မင်္ဂလာစျေးမှာ သင်္ကြန်ပစ္စည်း ရောင်းချသူတစ်ဦးက ပြောပါတယ်။
၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါ ကူးစက်မှုတွေ ရှိလာလို့ သင်္ကြန်ပွဲကို မပြုလုပ်ခဲ့ရဘဲ မနှစ်ကလည်း စစ်အုပ်စု အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ပြည်သူတွေက သင်္ကြန်ကို ဆင်နွှဲခြင်း မရှိခဲ့ပါဘူး။ ဒီအခြေအနေတွေမှာ သင်္ကြန်ပစ္စည်းတွေဟာ ၂၀၁၉ ခုနှစ်ထဲက ဝယ်ယူထားတဲ့ လက်ကျန် ပစ္စည်းတွေသာ စျေးကွက်အတွင်း ကျန်ရှိနေပြီး အသစ်ထပ်ဝင်တာ မရှိဘူးလို့ သိရပါတယ်။
‘ကိုဗစ်မဖြစ်ခင် ၂၀၁၉တုန်းက ဝယ်ထားတဲ့ လက်ကျန်တွေပဲ ရှိတာ။ ၂ နှစ်ရှိပြီ ပစ္စည်း အသစ်မဝင်ဘူး။ ဝယ်လည်း မဝယ်ချင်ဘူးလေ။ အခု တင်ထားတာတွေက အရင်က လက်ကျန်တွေ’ လို့ သင်္ကြန်ပစ္စည်း လက်ကားရောင်းချသူ တစ်ဦးက ပြောပါတယ်။
ပြည်သူတွေက သင်္ကြန်ကို မဆင်နွှဲလိုတာကြောင့် အခုလို သင်္ကြန်ပစ္စည်း ဝယ်ယူမယ့်သူ နည်းပါးနေတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆက်လက် ပြောပါတယ်။
ရန်ကုန်က စျေးတွေမှာ သင်္ကြန်ပစ္စည်း အရောင်းဆိုင် အတော်များများ ပိတ်သိမ်းသွားခဲ့တယ်လို့ သိရပြီး လက်ရှိဖွင့်ထားတဲ့ ဆိုင်တွေမှာလည်း ဝန်ထမ်းလျှော့ချတာတွေ ပြုလုပ်ထားရတယ်လို့ သိရပါတယ်။
‘ ဝန်ထမ်းက အရင်က ခြောက်ယောက်လောက်တောင် လက်မလည်ဘူး ရောင်းရတာ။ အခုက ၃ ယောက်လောက်ပဲ ဆက်ခန့်ထားနိုင်တော့တယ်။ ဘေးက ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ အစ်မတို့တောင် ဆိုင်ပိုင်မိုလို့ ဆက်ဖွင့်ထားနိုင်တာ’လို့ သင်္ကြန်ပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ​ပြောပါတယ်။
သင်္ကြန်ပစ္စည်း ရောင်းချသူတွေကလည်း နိုင်ငံတစ်ဝန်း ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကြောင့် သင်္ကြန်ပစ္စည်း ရောင်းချရတာ စိတ်မပါတော့ဘူးလို့လည်း ပြောကြပါတယ်။
‘သင်္ကြန်ဆို အရင်က သင်္ကြန်ဆိုပြီး ရောင်းရရင်ကို ပျော်နေတာ။ အခုက ဆိုင်ဖွင့်ထားတာပဲ ရှိတယ် စိတ်မပါဘူး။ သင်္ကြန်ဆိုတာ မရှိတော့ သလိုပဲ။ အဲ့ဒီလိုပဲ ခံစားမိတယ်’လို့ သင်္ကြန်ပစ္စည်း ရောင်းချသူတစ်ဦးက ပြောပါတယ်။
အခုနှစ် သင်္ကြန်ကာလကို ပြည်သူတွေက တော်လှန်သင်္ကြန်အဖြစ် သတ်မှတ်ထားပြီး ရေကစားတာတွေ ပြုလုပ်ဖို့ မရှိနိုင်ဘူးလို့ သိရပြီး ရပ်ကွက်သင်္ကြန်ကိုပင် ပြုလုပ်မယ့် အခြေအနေတွေကို မတွေ့ရသေးပါဘူး။