အသက်လေးနှစ်အရွယ် မူကြိုကလေးကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက အင်အား ၂၀ လောက်နဲ့ ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စက်တွင်းလမ်းက BC ဆိုတဲ့ မူကြိုကျောင်းမှာ လာရောက် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကလေးရဲ့ မိဘတွေဟာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့သူတစ်ဦးက DNA ကို အတည်ပြုပြောပါတယ်။
လာရောက်ဖမ်းဆီးချိန်မှာ လမ်းကိုပိတ်ထားပြီး ကားတွေကိုပေးမဝင်ဘဲ ဖမ်းဆီးသွားခဲ့တာပါ။ မူကြိုကျောင်းကို ရဲကားတစ်စီး၊ အိမ်စီးကားတစ်စီးနဲ့ လာရောက်ဖမ်းခဲ့တာဖြစ်ပြီး ဆင်မင်းရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ပါဝင်တယ်လို့ တွေ့ရှိသူ တွေကပြောပြပါတယ်။ ဖမ်းခံလိုက်ရတဲ့ ကလေးဟာ အဘိုး၊ အဘွားတွေနဲ့ နေထိုင်တာလို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်း ပြီးနောက် အသက် ကိုးလအရွယ်ကနေ အသက် ၁၈ နှစ်အထိ အဖမ်းခံခဲ့ရတဲ့ ကလေးသူငယ် အရေအတွက် ၂၅၅ ယောက်ရှိပါတယ်။
အဲဒီအထဲ ပြန်လွတ်မြောက်သူ ၆၂ ယောက်ရှိပေမယ့် ကျန်တဲ့ ကလေးသူငယ် ၁၉၁ ယောက်က အကျဉ်းကျခံ နေရဆဲဖြစ်သလို ကျန်နှစ်ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရပါတယ်။