ဧရာဝတီတိုင်းထဲက ကမ်းခြေတွေမှာ ဟိုတယ်ခန်းတွေသာမက တည်းခိုခန်းတွေမှာပါ ဘိုကင်ပြည့်နေ

ဧရာဝတီတိုင်းအတွင်း အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေမှာ သင်္ကြန်ပွဲတော် ပိတ်ရက်ကာလတွေအတွက် ဟိုတယ်ခန်းတွေသာမက တည်းခိုခန်းတွေမှာပါ ကြိုတင်အခန်းမှာယူထားကြသူတွေ ပြည့်နေပြီဖြစ်တယ်လို့ ဒေသတွင်း ခရီးသွားဝန်ဆောင်မှု လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
သင်္ကြန်ပွဲတော်ရက်ဖြစ်တဲ့ ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ဟိုတယ်နဲ့ တည်းခိုခန်းတွေ အခန်းလွတ်မရှိတဲ့ အထိ ဖြစ်နေပြီး ကျေးရွာအတွင်းမှာပါ နေအိမ်တွေကို ကြိုတင်ငှါးရမ်းနေကြတယ်လို့ ဆိုပါတယ်။
“အခန်းကတော့ အကုန်ပြည့်နေတာမျိုး မဟုတ်ဘူး ကျန်သင့်သလောက်ကျန်တယ် သင်္ကြန် ၄ ရက်စလုံး ငှါးမဲ့သူတွေအတွက် ချန်ထားကြတဲ့ သဘောမျိုး၊ တချို့က တစ်ညအိပ် နှစ်ညအိပ်လောက်အတွက်ပဲ ကြိုမှာမျိုးကို အခန်းကုန်ပြီလို့ ပြောလိုက်တာမျိုး လုပ်နေတာပါ၊ အနားနီးရင်တော့ ၄ ရက်လုံး မငှါးကြလဲ စျေးတင်ပြီးတော့ ပေးကြမှာပဲ၊ အခုက အခန်းပြည့်နေပြီလို့ လုပ်ထားတော့ ရွာထဲက အိမ်တွေကိုပါ အသိတွေကနေတဆင့် လိုက်မှာတာ Facebook ကနေ မေးပြီးငှါးထာမျိုးတွေ လုပ်နေတာ၊ ရွှေသောင်ယံဖက်ဆိုရင်လည်း အဲ့မှာရှိတဲ့ ဟိုတယ်ကုန်တာအပြင် လမ်းမှာဖွင့်ထားတဲ့ တည်းခိုခန်းတွေပါ ကြိုမှာသာပြည့်နေတာ” လို့ ချောင်းသာကမ်းခြေမှာ တည်းခိုခန်းငှါးရမ်းဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။
ငွေဆောင်ကမ်းခြေမှာတော့ ဟိုတယ်ကြီးတွေမှာ ကြိုတင်မှာယူသူတွေ ပြည့်နေပြီး ဒေသခံအချို့ ဖွင့်လှစ်ထားတဲ့ တောင်ပေါ် ဟိုတယ်အချို့မှာသာ အခန်းရရှိတော့တယ်လို့ သိရပါတယ်။
“ငွေဆောင်ဆိုရင် အဓိက ချစ်သူများကျွန်းအနီးမှာပဲ နေချင်ကြတာလေ အဲ့ဖက်တလျှောက်ကတော့ အကုန်ပြည့်တာပေါ့၊ ရွာထဲဖက်မှာလည်း ပြည့်တယ်၊ ကျန်တာက တောင်ပေါ်ဖက်တွေမှာပဲကျန်တယ် အဲ့ဖက်တွေက လူသိပ်မကြိုက်တော့ မသွားကြဘူး” လို့ ငွေဆောင်ဒေသခံ တစ်ဦးက ဆိုပါတယ်။
သင်္ကြန်ပွဲတော်အတွက် အခန်းကြိုတင်မှာယူသူတွေမှာ ရန်ကုန်မြို့ကနေ ပိုမိုများပြားနေပြီး ဧရာဝတီတိုင်း အတွင်းက ခရီးသွားတွေကတော့ နေ့ချင်းပြန်လာရောက်နိုင်ဖို့သာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို တော်လှန်နေချိန်မှာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ အနီးဝန်းကျင်နေရာတွေ နေထိုင်သွားလာ ပျော်ပါးတာတွေ မလုပ်ဆောင်ဖို့ တော်လှန်ရေး အင်အားစုတွေကလည်း သတိပေးထားပါတယ်။