နွေဦးတော်လှန်ရေးကို အထောက်အကူပြုမှု ပိုမိုအားကောင်းလာမယ့် Burma Act 2021 ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ဧပြီ ၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
Burma Act of 2021 (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဥပဒေ ၂၀၂၁) ကို ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကင်ပါတီကြီး ၂ ခုစလုံးက ထောက်ခံပြီး အတည်ပြုလိုက်တာဖြစ်ကြောင်း VOA က ဖော်ပြပါတယ်။
အဲဒီဥပဒေ မူကြမ်းမှာ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီအားပေးဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဖို့တွေ ပါဝင်တယ်လို့ သိရပါတယ်။
အောက်လွှတ်တော်က Burma Act of 2021 အတည်ပြုလိုက်တဲ့အပေါ် မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေကိုစောင့်ကြည့်နေတဲ့ Global Witness အဖွဲ့ ကြိုဆိုကြောင်းကြေညာချက် ထုတ်ပြန်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ စစ်အုပ်စုကို ပိုမိုထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေလုပ်ဖို့ ပါဝင်သလို၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီ ၅ နှစ်စာအတွက် အမေရိကန်ဒေါ်လာ သန်း ၄၅၀ ထောက်ပံပေးဖို့လည်း ပါဝင်တယ်လို့ Global Witness ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့၊ အမှုဆောင်ညွှန်ကြားရေးမှူး ပူးဇိုသုန်းမှုံ က Burma Act of 2021 အတည်ဖြစ်လာခဲ့ရင် မြန်မာ့အရေး ညှိနှိုင်းဆောင်ရွက်မယ့် အရာရှိတဦးကိုလည်း အမေရိကန်အစိုးရက ခန့်ထားရမှာဖြစ်တဲ့အတွက် လုပ်ငန်းတွေ ပိုမိုထိရောက်မြန်ဆန်လာမယ်လို့ဆို ကြောင်း VOA က ဖော်ပြပါတယ်။