ဂန့်ဂေါမှာ စစ်တပ်က အကြမ်းဖက်နေတာကြောင့် ပြည်သူတွေ လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့ သတိပေး

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း စစ်တပ်ဟာ စစ်ကြောင်းထိုးအကြမ်းဖက်နေတာကြောင့် ဒေသခံတွေ အနေနဲ့ လုံခြုံစိတ်ချရမယ့်နေရာတွေမှာသာနေထိုင်ကြဖို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဒီကနေ့သတင်းထုတ်ပြန်သတိပေးလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ  ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြက ာအကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် စားနပ်ရိက္ခာပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ပြည်သူချင်း စာနာထောက်ထားကူညီပေးကြဖို့ လည်းထုတ်ပြန်ပါတယ်။

ဧပြီလ ၄ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာနေအမျိုးသားတစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို စစ်တပ်က  အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိနယ်မြေဒေသအခြေအနေကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းနဲ့ ဂန့်ဂေါ-ထီးလင်း လမ်းပိုင်း တို့မှာအကြောင်းမဲ့သွားလာတာ မလုပ်ကြဖို့  သတိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၂ခုနှစ် မတ်လ တတိယပတ်ကတည်းက  ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းသုံးကြောင်းခွဲကာ သွားလာလှုပ်ရှားနေပြီး မတ်လအတွင်း လူနေအိမ်၃၄၆ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။