ပုသိမ်ကြီးမြို့နယ် စည်ပင်ဝန်ထမ်းရုံးမှာ ဗုံးနှစ်လုံး ပေါက်ကွဲ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် စည်ပင်ဝန်ထမ်းရုံးမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး မီးသတ်ရုံးဝင်းနဲ့ မြို့နယ်အခွန်ဦးစီးဌာနရုံးတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးမြို့ပတ်လမ်းပေါ်မှာရှိတဲ့ စည်ပင်ဝန်ထမ်းရုံးကို ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု PRFက ဗုံးနှစ်လုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရေထွက်ကျေးရွာအုပ်စု ကျီးကုန်းကျေးရွာမှာရှိတဲ့ မြို့နယ်မီးသတ်ဦးစီးဌာနရုံးဝင်းကိုလည်း ဗုံးနဲ့ပစ်ပေါက်တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုတော့ မဖြစ်ပွားခဲ့ပါဘူး။
ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ ငွေကြေးတောင်းခံတာနဲ့ အနိုင်ကျင့်စော်ကားတာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့ PRFက ဆိုပါတယ်။
ပုသိမ်ကြီးစျေးနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မြို့နယ်အခွန်ရုံးမှာလည်း ပေါက်ကွဲမှုမရှိသေးတဲ့ ဗုံးတစ်လုံးကို အကြမ်းဖက်စစ်အုပ်စုက သိမ်းဆည်းရမိခဲ့ပြီး အနီးဝန်းကျင်မှာ ဖြတ်သန်းသွားလာနေတဲ့ လူငယ်နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မန္တလေးမြို့မှာ ပေါက်ကွဲမှုတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။
Source- ​MFP
ဓာတ်ပုံ-လူမှုကွန်ရက်