စစ်တပ်ရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ဆိုးဝါးစွာ ဒုက္ခဆင်းရဲတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အချိန်မီ ပြတ်ပြတ်သားသားအရေးယူပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဧပြီလ ၅ ရက်နေ့၊ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ကော်မရှင်ရဲ့ အထွေထွေ ဆွေးနွေးမှုအစီအစဉ်မှာ မိန့်ခွန်းပြောကြားစဉ် အဲဒီလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်နည်းပညာတွေ ရောင်းချနေတဲ့ နိုင်ငံတွေကို တားမြစ်ပေးဖို့နဲ့ မြန်မာစစ်တပ် လက်နက်ရရှိနိုင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့ အတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လည်း တိုက်တွန်းလိုက်ပြီး အဲဒီလို ဆောင်ရွက်ပေးခြင်းဟာ အပြစ်မဲ့မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင်ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီတို့က တိုက်တွန်းထားတဲ့အတိုင်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ ရောင်းချနေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
လက်ရှိမှာ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးကာ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ခံစားနေရသလို ယူကရိန်းပြည်သူတွေအနေနဲ့လည်း တစ်ဖက်သတ် ရန်လိုကျူးကျော် စစ်ကြောင့် ဆိုးဝါးတဲ့အခြေအနေတွေ ကြုံတွေ့နေကြောင်း မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းပြည်သူတွေရဲ့ ခံစားမှုကို အပြည့်အဝနားလည်ပြီး ယူကရိန်းပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်ကြောင်းနဲ့ ယူကရိန်းနိုင်ငံ အပေါ် ကျူးကျော်တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။