ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဖော်ဆောင်ရေး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ NUG ဝန်ကြီးပြေ

အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တရားမျှတမှုဖော်ဆောင် နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့် တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် အဲဒီလိုဆွေးနွေးခဲ့ကြာင်း NUG ဝန်ကြီးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို အကြမ်းဖက်စစ်တပ်က ကျူးလွန်​ကြောင်းအ​မေရိကန်အစိုးရက လက်ခံကြေညာခဲ့အပြီး တရားမျှတမှု ဖော်​​ဆောင်နိုင်ရေးအတွက် NUG က ပူး​ပေါင်းလုပ်​ဆောင်သွားမဲ့အ​ကြောင်း ​ဆွေး​နွေးခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
အမေရိကန်နိုင်ငံရောက်နေတဲ့ NUG အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဝါရှင်တန်မှာရှိတဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှု အမှတ်တရ Holocaust ပြတိုက်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။
Holocaust ပြတိုက်ကို လေ့လာပြီးနောက် VOA က ဦးအောင်မျိုးမင်းကို မေးမြန်းခဲ့ရာသူက ‘‘ဒီလိုမျိုး ရိုဟင်ဂျာတွေကို ဖြစ်ပျက်ခဲ့တာတွေက အခုမှဖြစ်ပျက်ခဲ့တာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ၁၉၆၂ ကနေစပြီးတော့ တဖြည်းဖြည်း အရှိန်မြင့်လာတဲ့ ပုံစံမျိုးတွေ ဒီစစ်တပ်က ရိုဟင်ဂျာတွေပေါ်မှာ တကယ်ကို လူအမြောက်အမြားအပေါ် ကျူးလွန်ထားတာကို သူတို့တင်ပြထားတာတွေ့တယ်။ လူ့အခွင့်အရေးအရ ရိုဟင်ဂျာတွေအပေါ်မှာ ရာဇဝတ်မှုဖြစ်တယ်ဆိုတာကို ကျနော်တို့က ယုံကြည်ပြီးသား။
ကျနော်တို့ကိုယ်တိုင်ကလည်း အမှန်တရားရဖို့ တောင်းဆိုခဲ့တာလည်းရှိတယ်။ လုပ်လည်းလုပ်မယ်ဆိုတဲ့ ကတိတွေလည်း ပေးထားတယ်’ လို့ အဲဒီလိုပြောပါတယ်။