ကော်သူလေး အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားပြီး စစ်အုပ်စုက ၄၀၀ ကျော်သေ

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူလေး အုပ်ချုပ်နယ်မြေအတွင်းမှာ မတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ KNLA၊ KNDO တို့ တိုက်ပွဲပေါင်း ၅၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ၄၂၉ ဦး သေဆုံးကာ ၂၆၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကား ၃၅ စီးကိုလည်း ဖျက်စီးနိုင်ခဲ့ပြီး နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စုနဲ့ နယ်ခြားစောင့်တပ် BGF တို့က ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူ ၂၅ ဦး အသက်ဆုံးပါးခဲ့ပြီး ၃၁ ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေ အတွင်းမှာတော့ KNLA နဲ့ KNDO တို့ဘက်က ၂၂ ဦး ကျဆုံးခဲ့ရပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အထိနာနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်း ပစ်ကူတိုက်ခိုက်မှုတွေကိုပါ ဆက်တိုက် လုပ်ဆောင်ခဲ့တာပါ။
ဒါ့အပြင် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းဖျက်ဆီးတာ ငွေကြေးနဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်တာတွေ ဆက်တိုက်ကျူးလွန်နေခဲ့ပြီး ပြည်သူတစ်သိန်းကျော်ဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။