မန္တလေး သပိတ်အင်အားစု အဖွဲ့ဝင်ရှစ်ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ

မန္တလေးမြို့အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း တစ်ခုဖြစ်တဲ့ မန္တလေး သပိတ်အင်အားစုက အဖွဲ့ဝင် ၈ ဦး မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ မသဲစု၊ ကိုကျော်စိုးမိုး၊ မဂျာဆိုင်းအောင်၊ ကိုကျော်မင်းထွန်းနဲ့ ကိုထက်ကိုတို့ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကိုဟိန်းမင်းဇော်ကို ဆက်သွယ်လို့ရပေမယ့် မူမမှန်တဲ့ အခြေအနေဖြစ်နေတဲ့အတွက် ဘေးကင်းတယ်လို့ ယူဆလို့မရဘူးလို့လည်း ပြောပါတယ်။
သူတို့ ၈ ဦးဟာ အဖမ်းခံရတာ ဟုတ် မဟုတ် စုံစမ်း‌နေတယ်လို့လည်း မန္တလေးသပိတ်အင်အားစုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆက်အသွယ်ပြတ်တောက်သူတွေနဲ့ အဆက်အစပ်ရှိတဲ့သူတွေအနေနဲ့ အထူးဂရုစိုက်ဖို့ကိုလည်း မန္တလေးသပိတ်အင်အားစု လူမှုကွန်ရက် စာမျက်နှာကတဆင့် သတိပေးထုတ်ပြန်ထားပါတယ်။