တောင်ကိုရီးယားကို နျူလက်နက်နဲ့ တိုက်ခိုက်နိုင်တယ်လို့ မြောက်ကိုရီးယား သတိပေး

Photo – Reuters

မြောက်ကိုရီးယားအနေနဲ့ စစ်ပွဲကို ဆန့်ကျင်ပေမယ့် တောင်ကိုရီးယားဘက်က စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ပါက ဒါမှမဟုတ် ကြိုတင်ထိုးနှက်မှု ပြုလုပ်မယ်ဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့တွေက တိုက်ခိုက်သွားမယ်လို့ ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ဧပြီလ ၅ရက်နေ့က သတိပေးလိုက်ပါတယ်။

ပြုံယမ်းအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေရှိတယ်လို့  မကြာသေးခင်က တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့  မှတ်ချက်နဲ့ ပတ်သတ်ပြီး မြောက်ကိုရီးယားအကြီးတန်းအရာရှိတဦးဖြစ်တဲ့ ကင်မ်ယိုဂျုံက ဒါဟာ လုံးဝမှားယွင်းတယ်လို့ ပြောခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။ 

မြောက်ကိုရီယားနယ်မြေထဲက ဘယ်လိုပစ်မှတ်ကိုမဆို  တိကျမြန်ဆန်ပြီး ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်မျိုးစုံရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆော့ဝူက ဧပြီလ ၁ရက်နေ့က ပြောခဲ့တာပါ။

တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ ပိုင်နက်နယ်မြေ တစ်လက်မကို ချိုးဖောက်ပါက မထင်မှတ်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဘေးဆိုးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်ရေး တပ်ဖွဲ့ဟာလည်း သူတို့ရဲ့  တာဝန်ကို မလွဲမသွေ ထမ်းဆောင်ရမယ်လို့  ကင်မ်ယိုဂျုံက ပြောပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်းမှာ အင်အားပြင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ တိုးမြင့်လုပ်ဆောင်ခဲ့တာ ကြောင့် နျူလက်နက်စမ်းသပ်မှုတွေပြန်လုပ်မှာကို  တောင်ကိုရီးယားနဲ့ အမေရိကန်ကစိုးရိမ်နေကြတာပါ။