ကိုရီးယား One Day Challenge လှုပ်ရှားမှု ၆ လအတွင်း ဝမ်သိန်း ၉၀၀၀ ကျော် ထောက်ပံ့


Photo – စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ-ကိုရီးယား
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ-ကိုရီးယားရဲ့ One Day Challenge လှုပ်ရှားမှုဟာ ၆ လတာအတွင်း NUG အစိုးရကို ကန်ဒေါ်လာ ၆ သိန်းနဲ့ မြေပြင် LPDF အဖွဲ့တွေကို ကျပ်သိန်း ၉၈၀ ထောက်ပံ့နိုင်ခဲ့ကြောင်း သိရပါတယ်။
One Day Challenge လှုပ်ရှားမှု ၆ လပြည့်အဖြစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ-ကိုရီးယားက ဒီကနေ့ ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။
ကျပ်သိန်း ၉၈၀ ကို မြေပြင် LPDF ၄၉ ဖွဲ့ကို တိုက်ရိုက်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး NUG အစိုးရကို လှူဒါန်းခဲ့တဲ့ ကန် ဒေါ်လာ ၆ သိန်းနဲ့ ပေါင်းပါက ဝမ်သိန်းပေါင်း ၉၀၀၀ ကျော်အထိ ပံ့ပိုးနိုင်ခဲ့တာပါ။
တစ်ဦးချင်းအနေနဲ့ ကြည့်ပါက ထိရောက်မှုမရှိနိုင်ဘူးလို့ အတွေးဝင်နိုင်ပေမယ့် စုပေါင်းလိုက်တဲ့အခါ NUG အစိုးရထံ ထိရောက်တဲ့ ငွေကြေးပမာဏတွေနဲ့ အင်အားဖြည့်တင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
one day challenge ရဲ့ ငွေကြေးထောက်ပံ့မှု အင်အားဟာ အရေးပါထိရောက်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကို NUG အစိုးရကိုယ်တိုင်က အသိအမှတ်ပြု လက်ခံထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
NUG အစိုးရကို ပိုမိုထောက် ပံ့နိုင်ရေးနဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ လှူဒါန်းမှု ပိုမိုအားကောင်းလာစေဖို့ အတွက် ငါ့နိုင်ငံအတွက် ငါ့တရက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ တရက်တာ လုပ်အားခကို လှူဒါန်းခြင်းဆိုတဲ့ One Day Challenge (ODC campaign) လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တာပါ။