ကုလ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားသွားပြီး မြန်မာ့အရေး ဆွေးနွေးမယ်

Photo- AFP
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ပြီး မြန်မာ့အ‌ရေး ဆွေးနွေးမယ်လို့ သိရပါတယ်။
ကုလအထူးကိုယ်စားလှယ်ဟာ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးချုပ်ဟွန်ဆန်၊ မြန်မာ့အရေး အာဆီယံ အထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ မြန်မာ့အရေး ဆွေးနွေးကြမယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ယမန်နေ့က ပြောပါတယ်။
နိုလင်းဟေဇာရဲ့ ကမ္ဘောဒီးယားခရီးစဉ်ဟာ မကြာသေးခင်က သွားရောက်ခဲ့တဲ့ အာဆီယံအထူးသံတမန်ရဲ့ မြန်မာခရီးစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ထင်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက ပြောပါတယ်။
‘အာဆီယံမူ ၅ ရပ်နဲ့ ပတ်သက်ပြီး ဘာမှဆက်လုပ်လို့ မရတော့ဘူးဆိုတာ သူတို့လည်း သိမှာပါ။ လူသားချင်း စာနာမှုအကူအညီပေးလို့ ရနိုင်မလားဆိုတဲ့ ကိစ္စလည်း ဆွေးနွေးကြမယ်လို့ ထင်တယ်’ လို့ သူကပြောပါတယ်။