ခရမ်း အခွန်ရုံးကို လက်လုပ်မိုင်းနဲ့ ဖောက်ခွဲသတိပေး

PHOTO-ခရမ်းချန်နယ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ်က အခွန်ရုံးကို လက်လုပ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲသတိပေးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကို ကျည်ဆံဖိုး အခွန်ဆက်သနေတဲ့ အခွန်ရုံးကို ခရမ်း PDF က ဒီကနေ့မနက် ၁၁ နာရီခွဲလောက်က လက်လုပ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲသတိပေးခဲ့ခြင်းဖြစ်ပြီးရှေ့ဆက်ပြီး စစ်အုပ်စုအတွက် ဆက်လက်အလုပ်လုပ်ပေးနေပါက အခုထက်ပိုမို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ခရမ်း-PDF က ပြောကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခြင်းဖြစ်လို့ လူအထိအခိုက်မရှိအောင်သေချာစီမံပြီး ဖောက်ခွဲတာလို့ နားလည်ကြောင်းပြောပါတယ်။
‘ကျွန်တော်တို့ခရမ်း PDF တွေက နိုင်ငံရေးအမြင်သေချာရှိတယ်။ စစ်ရေးပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သလောက် အခုလို သတိပေးတဲ့အဆင့်မှာ ထိခိုက်မှုမရှိအောင် သေချာစီမံပါတယ်။ သတိပေးတာကိုပဲ လက်မခံဘူးဆိုရင်တော့ပြီးတော့မှ PDF ကို အဆိုးမဆိုနဲ့လို့ ပြောပြလိုက်တာလို့ထင်တယ်’ လို့ သူကပြောပါတယ်။
ယမန်နေ့က ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ ရဲစခန်းကို ၄၀(မမ) ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တစ်ဦးသေပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။