သေ့ဘောဘိုးရွာအနီး တိုက်ပွဲ ဆက်ဖြစ်၊ အကြမ်းဖက်စစ်သား ၁၃ ဦးထက်မနည်း ထပ်သေ

PHOTO- Cobra Column
မြဝတီ – ဝေါ်လေ ကားလမ်းပေါ်က သေ့ဘောဘိုးရွာ အနီးမှာ ဒီနေ့မနက် ၃ နာရီလောက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား သေဆုံးထိခိုက်စာရင်းကို ဆက်လက်စုံစမ်းနေပါတယ်။
ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်လောက်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ သေ့ဘောဘိုးရွာအနီး ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်ကအထိအခိုက်မရှိဘူးလို့ Cobra Column က ထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီကနေ ညနေ ၆ နာရီအထိ သေ့ဘောဘိုးရွာအနီး တိုက်ပွဲမှာတော့ အကြမ်းဖက် စစ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိခဲ့ပါဘူး။
KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပြင် စနိုက်ဘာစစ်သည်တွေ၊ ချေမှုန်းရေးစစ်သည်တွေက ထိရောက်စွာ ခုခံနိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၇ ရက်နေ့၊ သေ့ဘောဘိုးရွာအနီး တိုက်ပွဲမှာတော့ အကြမ်းဖက်စစ်သား ၆၁ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ပုံစာ – မတ်၂၇ ရက်နေ့၊ သေ့ဘောဘိုးရွာအနီး တိုက်ပွဲအပြီး