ဝေါလေမှာ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ-KIC
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ဖလူးဒေသမှ ဝေါလေဘက်ကို စစ်ကူတက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက စစ်အင်အားတိုးချဲ့လာတာကို KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
“ဖလူးဘက်က စစ်ကောင်စီတပ်တွေ ညက တောင်ကြောပေါ်တက်လာတာကနေ အခု မနက် DKBA နယ်မြေဆုံဆည်းမြိုင်ဘက်ကိုဝင်တဲ့ စစ်ကူစစ်ကြောင်း အင်အား ၃၀၀ ကျော်ကို သေ့ဘောဘိုး ဧရိယာ ဘလက်ဒို ကျေးရွာနားမှာ ကရင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတယ်၊ ကြားဖြတ်တိုက်တာဆိုတော့ စစ်ကောင်စီဘက်က အကျအဆုံးတွေရှိတယ်၊ လမ်းဘေးမှာ ကျည်ထိပြီး အော်ငြီးနေသံတွေ ကြားနေရတယ်။” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက KICမှာ ဖြေကြားထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဝေါလေဒေသအတွင်းကို ဖေဖေါ်ဝါရီလ အစကတည်းက နယ်မြေကျော်လွန်ဝင်ရောက်တိုက်ခိုက်နေပြီး မတ်လနှောင်းပိုင်းက စတင်ကာ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကော့ကရိတ် တောင်ပိုင်းဒေသ၊ တောင်ကြားအင်းဒေသ၊ ကြာအင်းဆိပ်ကြီးဒေသ၊ လေးကေကော်၊ ဖလူးလေးနဲ့ ဝေါလေ သေ့ဘောဘိုး၊ ကနဲလေး ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။
Credit-KIC